ဒုက္ခသည်လက်ခံရေး အစီအစဉ်တွေ ရပ်ဆိုင်းမယ်လို့ "၀" တပ်ဖွဲ့ပြော
2024.01.12
ကိုးကန့်ဒေသအတွင်းမှာ တိုက်ပွဲတွေ ငြိမ်သွားပြီး ဖြစ်တာကြောင့် အခုလ ၁၅ ရက်နေ့ကစလို့ ဒုက္ခသည် ကူညီလက်ခံရေး အစီအစဉ်တွေကို ရပ်ဆိုင်းသွားမယ်လို့ "၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကိုးကန့်ဒေသကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အခုလ ၁၅ ရက်နေ့အထိ ကူညီပေးထားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
"၀" တပ်ဖွဲ့ ထိပ်တန်းအရာရှိတစ်ဦးကလည်း ဒီထုတ်ပြန်ချက်ဟာ မှန်ကန်တယ်လို့ အတည်ပြုပါ တယ်။
“ဟုတ်ပါတယ် အခြေအနေတည်ငြိမ်သွားလို့ပါ”
မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီအကြား အပစ်ရပ်ရေး သဘောတူညီကြောင်း ထုတ်ပြန်တဲ့ ဒီနေ့မှာပဲ ၀ တပ်ဖွဲ့ဘက်ကလည်း ကိုးကန့်ဒေသမှာ စစ်ပွဲတွေ ပြီးဆုံးပြီလို့ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း အရင်ကိုးကန့်အထူးဒေသ ၁ အတွင်းမှာပါဝင်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်လုံ၊ မုံးကိုး၊ ကွမ်းလုံတွေကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တပ်ဖွဲ့က ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့် အဲဒီဒေသကနေ စစ်ဘေးတိမ်းရှောင်လာသူအားလုံး အခုလ ၁၅ရက်နေ့မှာနေရပ်ပြန်ကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက ကိုးကန့်ဒေသ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံမြို့က ဒေသခံတွေနဲ့ ရွှေ့ပြောင်းလုပ်သားစုစုပေါင်း လူဦးရေ တစ်သိန်းခွဲကျော်ကို UWSA တပ်ဖွဲ့ ထိန်းချုပ်ရာ နမ့်တစ်မြို့မှာ နေရာချထားပေးခဲ့တာပါ။
အဲဒီဒုက္ခသည်တွေကို "၀" ဒေသ ၁၀၂၇ အရေးပေါ်ကွပ်ကဲမှု အဖွဲ့ကနေ နေရာထိုင်ခင်းနဲ့ စားစရာတွေ ကူညီပေးခဲ့ပါတယ်။
နမ့်တစ်မြို့ကနေ မြန်မာပြည်နေရပ် အသီးသီးကို ပြန်လိုသူတွေကိုတော့ "၀" ဒေသ မိုင်းယန်းနဲ့ မိုင်းပတ်ဂိတ်တွေကနေတဆင့် လားရှိုး၊ ကျိုင်းတုံ စတဲ့မြို့တွေအထိ ရောက်အောင်လည်း ဆောင်ရွက်ပေးခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ "၀" တပ်ဖွဲ့က စစ်ကောင်စီ လက်အောက်မှာရှိတဲ့ ဟိုပန်မြို့နယ်နဲ့ ပန်လုံမြို့ကို အခုလ ၁၀ ရက်နေ့မှာ လွှဲယူခဲ့ပြီး အဲဒီမြို့ကဒေသခံတွေကိုလည်း ပုံမှန်အတိုင် ဆက်လက်နေထိုင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။