၂၀၂၂ ခုနှစ်အတွင်း စစ်ဘေးဒုက္ခသည် ရှစ်သိန်းကျော်တိုးလာ
2022.12.07
မြန်မာနိုင်ငံတစ်ဝန်းဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ကနေ နိုဝင်ဘာလကုန်အထိ ၁၁ လအတွင်း အရပ်သား ရှစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အစီရင်ခံစာတွေက ဖော်ပြပါတယ်။
UNOCHA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ဒီနှစ် နိုဝင်ဘာလကုန်အထိ အရပ်သား ၁၁ သန်းကျော် ( ၁၁၅၉,၂၀၀ ဦး) အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ အဲဒီထဲက ရှစ်သိန်းကျော် (၈၃၈,၃၀၀ဦး) ဟာ ဒီနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၁၁ လအတွင်း တိုးလာတာပါ။
အစီရင်ခံစာတွေအရ ကျန်ဒုက္ခသည် သုံးသိန်းကျော် (၃၂၀၉၀၀ ဦး) ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန် အတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပုန်ကန်မှုတွေ ပေါက်ပေါက် လာပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွား နေပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာသူအများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပါတယ်။ ဒုက္ခသည် ၆၁၆,၅၀၀ ဦးအထိရှိနေပြီး ဒါဟာ နိုင်ငံတစ်ဝန်း ဒုက္ခသည်စုစုပေါင်းရဲ့ ၅၃ ရာခိုင်နှုန်းအထိရှိနေပါတယ်။
အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေ တိုးလာနေပေမယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူညီ အပေးဖို့ အကန့်အသတ်တွေရှိနေတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။