ကလေးတက္ကသိုလ် ဝန်ထမ်းနဲ့ ကျောင်းသူကျောင်းသား ၁၂ ဦးကို PDF ပြန်လွှတ်
2024.03.01
စစ်ကိုင်းတိုင်း ကလေးတက္ကသိုလ်ဝင်းထဲကနေ ကယ်ထုတ်ထိန်းသိမ်းထားတဲ့ ဝန်ထမ်းနဲ့ ကျောင်းသူကျောင်းသား ၁၃၀ ကျော်ထဲက ၁၂ ဦးကို တီးတိန်မြို့နယ်က နေအိမ်တွေဆီ အရောက်ပို့ဆောင်လိုက်ပြီလို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဖေဖော်ဝါရီ ၂၉ ရက် မနေ့မှာ ထုတ်ပြန်ပါတယ်။
ကျန်ရှိနေတဲ့ ပါမောက္ခချုပ်နဲ့ ဝန်ထမ်းတွေ၊ ကျောင်းသူကျောင်းသားတွေကိုလည်း ကောင်းမွန်စွာ ကျွေးမွေးထားပြီး လမ်းကြောင်းလုံခြုံရေးဆိုင်ရာ အခြေအနေပေးတဲ့အခါ သူတို့နေရပ်တွေကို ဆက်လက်ပို့ဆောင်ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါပေမဲ့ လွှတ်ပေးလိုက်တဲ့ လူ ၁၂ ဦးမှာ ဝန်ထမ်းက ဘယ်နှဦး၊ ကျောင်းသူကျောင်းသားက ဘယ်နှဦးဆိုတာကိုတော့ တိတိကျကျထုတ်ပြန်တာမရှိပါဘူး။
ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသာတွေအားလုံး လုံလုံခြုံခြုံရှိနေကြောင်း ကလေးတက္ကသိုလ် ပါမောက္ခချုပ်က ပြောဆိုထားတဲ့ ရုပ်သံဗီဒီယိုတစ်ခုကိုလည်း မနေ့ညက ထုတ်ပြန်ထားပါတယ်။
ကလေးမြို့ ကလေးတက္ကသိုလ်ဝင်းထဲက စစ်ကောင်စီတပ် ကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသား ၁၃၀ ခေါ် ထုတ်သွားခဲ့တာပါ။
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အဲဒီနေ့ကဖြစ်စဉ်မှာ ဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသား ၂၈၅ ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပြီး PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားသူရှိရင်လည်း သူတို့လွတ်မြောက်နိုင်အောင် အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။