မယ်စဲ့မြို့နယ်မှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်မိသားစုဝင်ကိုးဦးကို ပြန်လွှတ်ပေး

RFA Burmese
2023.09.19
မယ်စဲ့မြို့နယ်မှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်မိသားစုဝင်ကိုးဦးကို ပြန်လွှတ်ပေး ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO-Local PDF) ပြန်လွှတ်ပေးလိုက်သည့် စစ်ကောင်စီတပ် မိသားစုဝင် ကိုးဦးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။
DMO-Local PDF

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်မှာ ဒီနှစ် ဇွန်လ ၁၆ ရက်နေ့ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ် မိသားစုဝင် ကိုးဦးကို စက်တင်ဘာလ ၁၈ ရက်မှာ နေရပ်ပြန်ခွင့် ပေးခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO-Local PDF) က စက်တင်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် မိသားစုတစ်စုနဲ့ ရဲတပ်ဖွဲ့ဝင် မိသားစု နှစ်စုက အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် စုစုပေါင်း ကိုးဦးဟာ ဇွန်လ ၁၆ ရက်က ဒီးမော့ဆို ပြည်သူ့ ကာကွယ်ရေးတပ်က မဲစဲ့မြို့အတွင်း ကင်းလှည့်ချိန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် ပြည်သူ့ကာကွယ်ရေးတပ်တွေက မယ်စဲ့ရဲစခန်းနဲ့ တောင်ပေါ်တပ်စခန်းတွေကို ဇူလိုင်လ ၂၃ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ဖမ်းဆီးထားသူတွေရဲ့ အမျိုးသားတွေ သေဆုံးခဲ့တယ်လို့ DMO-Local PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံထားရသူတွေက သူတို့ နေရပ်ပြန်လိုတယ်လို့ ပြောလာတာ ကြောင့် လမ်းစရိတ် ငွေငါးသောင်းကျပ်ပေးပြီး ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

မယ်စဲ့မြို့နယ်က မယ်တနွယ်စခန်း၊ တောင်လှစခန်း၊ မယ်စဲ့မြို့မရဲစခန်းနဲ့ ဗျူဟာကုန်း စခန်းတွေကို ကရင်နီတပ်မတော်(KA)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် KNDF ပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး ဒီနှစ်ဇွန်လကစလို့ တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီက မယ်စဲ့မှာ သူတို့ဆုံးရှုံးခဲ့တဲ့စခန်းတွေကို လေကြောင်းနဲ့ ကွန်မန်ဒို စစ်ဆင်ရေးတွေ လုပ်ပြီး ဇွန်လ ၂၇ ရက်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဇွန် ၂၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲကြောင့် စစ်ကောင်စီတပ် မိသားစုဝင်တွေအပါအဝင် ဒေသခံတွေ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်ခဲ့ရပြီး ဒီနေ့အထိ ထိုင်းနိုင်ငံထဲ တိမ်းရှောင်နေရတဲ့ ဒုက္ခသည် ကိုးထောင်နီးပါး ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။