ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေကို စစ်ခေါင်းဆောင် မြေနေရာတွေပေး

RFA Burmese
2024.04.13
ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေကို စစ်ခေါင်းဆောင် မြေနေရာတွေပေး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘာသာရေးအဖွဲ့ခေါင်းဆောင်များအား ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ဘာသာပေါင်းစုံကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားမှာ တွေ့ရစဉ်။
Myanmar Military

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘာသာရေးဆိုင်ရာလုပ်ငန်းတွေလုပ်ဖို့ ဘာသာပေါင်းစုံအဖွဲ့ ခေါင်းဆောင်တွေကို ဧပြီ ၁၂ ရက်နေ့က မြေနေရာတွေ ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေက ကြေညာခဲ့ပါတယ်။

ဘာသာပေါင်းစုံအဖွဲ့တွေကို စစ်ခေါင်းဆောင်က နေပြည်တော်မှာ အခမ်းအနားကျင်းပပြီး ခေါ်ယူတွေ့ဆုံခဲ့တာပါ။ နေပြည်တော်မှာ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ပေးအပ်တဲ့ မြေနေရာတွေကို ဗုဒ္ဓဘာသာ၊ ကက်သလစ်ခရစ်ယာန်ဘာသာ၊ နှစ်ခြင်းခရစ်ယာန်ဘာသာ၊ အင်္ဂလီကန်ခရစ်ယာန်ဘာသာ၊ ဆွန်နီအစ္စလာမ်ဘာသာကို၊ ရှီယာအစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာ ကိုယ်စားလှယ်အသီးသီးက လက်ခံခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

နေပြည်တော်မှာ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူဘာသာဝင်တွေ နေထိုင်တာ နည်းပါးနေပြီး ဘာသာပေါင်းစုံကို ကိုယ်စားပြုတဲ့နေရာဖြစ်အောင် ကြိုးစားနေတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံရေး၊ ဘာသာရေးလွတ်လပ်ခွင့်တွေ ထည့်သွင်းပြဋ္ဌာန်းထားပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ ပြည်ပကနေ နိုင်ငံရေး၊ တိုင်းရင်းသားရေးနဲ့ ဘာသာရေးအရ သွေးထိုးလှုံ့ဆော်တာတွေကြောင့် အကြမ်းဖက်မှုတွေ ဖြစ်လာတာလို့လည်း ဆိုပါတယ်။

မြေနေရာတွေ လက်ခံခဲ့တဲ့ ဘာသာရေးခေါင်းဆောင်တွေကလည်း နေပြည်တော်မှာ ဘာသာရေး အဆောက်အအုံတွေ တစ်စုတစ်စည်းတည်းပေါ်ပေါက်လာတော့မှာဖြစ်တယ်လို့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ဒီနှစ်ဆန်းထုတ်ပြန်ချက်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလအထိစာရင်းအရ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၁၃၇ ခု ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရက နှစ်စဉ်ထုတ်ပြန်တဲ့ ဘာသာရေး လွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရတဲ့ အထူးစိုးရိမ်ပူပန်ရတဲ့ Country of Particular Concern (CPC) နိုင်ငံ ၁၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။