အာဏာသိမ်း တစ်နှစ်ကျော်အတွင်း ဘာသာရေး အဆောက်အအုံ ၁၀၀ နီးပါး ဖျက်ဆီးခံရ

RFA က လက်လမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်ကနေ အခု ၂၀၂၂ ဧပြီလ ၈ ရက်နေ့အထိ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော် ကာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယား (ကရင်နီ) ပြည်နယ်တို့မှာ ဘာသာရေး အဆောက်အအုံ ၉၇ ခု ဖျက်ဆီးခံခဲ့ရပါတယ်။
စစ်ကိုင်းတိုင်းမှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၁၅ ကျောင်း၊ မကွေးတိုင်းမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ငါးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း၊ ချင်းပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်း ၆၂ ကျောင်း၊ ကယား (ကရင်နီ) ပြည်နယ်မှာ ခရစ်ယာန် ဘုရားကျောင်း ၁၃ ကျောင်းနဲ့ မွတ်စလင် ဗလီတစ်ခု စုစုပေါင်း ဘာသာရေး အဆောက်အအုံ ၉၇ ခု ဖျက်ဆီးခံခဲ့ရတာပါ။
စစ်ကိုင်းတိုင်းထဲမှာဆိုရင် ရေဦးမြို့နယ်မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း၊ မင်းကင်း၊ ယင်းမာပင်နဲ့ ခင်ဦးမြို့နယ်တို့မှာ ဘုန်းကြီးကျောင်း နှစ်ကျောင်းစီ မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
ဒါ့အပြင် ရေဦးမြို့၊ ဒီပဲယင်း၊ အရာတော်၊ ကလေး၊ ပုလဲ၊ မြောင်၊ တန့်ဆည် စတဲ့ မြို့နယ် တွေမှာလည်း ဘုန်ကြီးကျောင်း တစ်ကျောင်းစီ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး ဘုန်းကြီးကျောင်းပါ မချန် မီးရှို့ဖျက်ဆီးတာ၊ လုယက်တာတွေ လုပ်နေတာကြောင့် ရဟန်းသံဃာတချို့ ဆွမ်းတောင်နပ်မမှန်တာမျိုးတွေ ဖြစ်လာတယ်လို့ ပုလဲမြို့နယ်ဒေသခံ ကိုဇော်ဇော်က ပြောပါတယ်။
“ဘုန်းတော်ကြီး ကျောင်းတွေတောင်မှ သူတို့ နင်ပဲငဆ ဆဲရေးတိုင်းထွာတယ်။ သေနတ်သံမစဲ တဖောင်းဖောင်း ဖောက်တယ်။ အဲဒီထဲတင် ဘုန်းတော်ကြီးတွေကိုလည်း သေနတ် ထောက်ပြီးတော့ ဖုန်းတွေသိမ်းတယ်။ နောက်ပြီးတော့ အဲဒီထဲမယ် ခိုလှုံလာတဲ့ သာမန်အပြစ်မဲ့ ပြည်သူတွေကို ရွှေထည်တွေ၊ လက်ဝတ်လက်စားတွေ၊ ငွေတွေ အနုကြမ်းစီး၊ ဓားပြတိုက် သလိုကို လုယူတဲ့အနေအထားမယ် နောက်ဆိုရင် စစ်ကြောင်း တစ်ကြောင်းလာတာနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဆွမ်းပို့မယ့်သူ မရှိတော့ဘူး။ ဘုန်းကြီးတွေကိုယ်တိုင်က တိမ်းရှောင်သွားရမယ့် အနေအထားမှာ ဝိနည်းတော်အရ ဆွမ်းဘုဥ်းမပေးရတဲ့ အနပ်တွေတောင် အများအပြားရှိပါတယ်”
စစ်ကိုင်းတိုင်းထဲက တချို့ကျေးရွာတွေမှာဆိုရင် ရွာဦးဘုရားစေတီတွေမှာ ပြည်တွင်းစစ်ရဲ့ ပြယုဂ်ဖြစ်တဲ့ ကျည်ဆန်ရာ၊ ဗုံးဒဏ်ရာတွေနဲ့ မြင်ရလို့ ဒေသခံတွေ ဝမ်းနည်း စိတ်ထိခိုက် ရတယ်လို့လည်း RFA က ဆက်သွယ် မေးမြန်းခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။
အရင်ကဆိုရင် စစ်တပ်က ရွာတွေကို စစ်ကြောင်းထိုးလာရင် ဘုန်းကြီးကျောင်းတွေထံ အားကိုးတကြီး ပြေးဝင်ခိုလှုံလို့ရပေမယ့် အခုတော့ သံဃာတွေကိုယ်တိုင်နဲ့ ဘုန်းကြီးကျောင်းတွေပါ မလုံခြုံတော့တဲ့ အနေအထားဖြစ်လာတယ်လို့လည်း သူတို့က ဆိုပါတယ်။
မကွေးတိုင်းထဲမှာလည်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ငါးကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း ဖျက်ဆီးခံခဲ့ရပါတယ်။ ဆောမြို့နယ်က ဘုန်းကြီးကျောင်း နှစ်ကျောင်း၊ ရေစကြို၊ မြိုင်၊ ပေါက်မြို့နယ်တို့မှာ ဘုန်းကြီးကျောင်း တစ်ကျောင်းစီနဲ့ မင်းတုန်းမြို့နယ်က ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း ပါဝင်ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေစကြို PDF တပ်ဖွဲ့ဝင် တစ်ဦးကတော့ စစ်တပ်ဟာ အာဏာတည်မြဲရေးကိုသာ အဓိကထားတာမို့ ပြည်သူတွေ အလေးအမြတ်ထားတဲ့ ဘာသာရေး အဆောက်အအုံဆိုတာမျိုးကို မေ့နေပြီလို့ RFA ကို ပြောပါတယ်။
“ဖက်ဆစ် အကြမ်းဖက်စစ်တပ် ဖြစ်တဲ့အတွက် သူ့မှာ ဘာသာရေးဆိုတာလည်း ရှိမှာမဟုတ်ဘူး။ အထွတ်အမြတ် ထားတာတို့။ လူထုကိုတောင် ဂရုမစိုက်တာ၊ ကျန်တဲ့ဟာတွေကတော့ ဂရုစိုက်မှာ မဟုတ်ဘူး။ စစ်အုပ်စု အာဏာတည်မြဲရေးပေါ့နော်။ ဥစ္စာဓန ကြွယ်ဝရေးပေါ့။ သူတို့ လူတစ်စု၊ ဥစ္စာဓန ကြွယ်ဝရေးကိုသာ အလေးထား တာပေါ့။ ကျန်တဲ့အရာတွေကို ဂရုစိုက်မှာ မဟုတ်ဘူး။ ပြည်သူလူထုကိုလည်း ရန်လိုနိုင်တယ်။ စော်ကားနိုင်တယ်။ ဘာသာရေး အဆောက်အအုံတွေကိုလည်း ဘယ်ဘာသာမဆို သူတို့ မျက်လုံးထဲမှာ မြင်မှာ မဟုတ်ဘူး။ သူတို့က အချိန်မရွေး ဖျက်ဆီးနိုင်တယ်”
ချင်းပြည်နယ်ကတော့ အာဏာသိမ်း တစ်နှစ်ကျော်အတွင်း ဘာသာရေး အဆောက်အအုံ ဖျက်ဆီးခံရမှု အများဆုံးဒေသ ဖြစ်နေပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော် ကာလအတွင်း ချင်းပြည်နယ်တစ်ခုလုံးမှာ ဘုရားကျောင်းတွေ အပါအဝင် ခရစ်ယာန်ဘာသာရေး အဆောက်အအုံ ၆၂ ခု ဖျက်ဆီး ခံခဲ့ရတယ်လို့ ချင်းရေးရာ အဖွဲ့ချုပ်က ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့က ထုတ်ပြန် ခဲ့ပါတယ်။
စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း သုံးခု ဗုံးဒဏ်သင့်ခဲ့ပြီး လက်နက်ကြီး နဲ့ ပစ်ခတ်မှုကြောင့် ဘုရားကျောင်း ၂၀ နဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့် ဘာသာရေး အဆောက်အအုံ ၃၃ ခု မီးလောင်ပြာကျခဲ့တယ်လို့ ဆိုပါတယ်။

ချင်းလူမျိုးတွေရဲ့ ဘာသာတရားအပေါ် စစ်တပ်က အပြန်အလှန်လေးစားမှု မရှိတာကြောင့် အခုလို ဖျက်ဆီးခံရတာလို့ ချင်းနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သိက္ခာတော်ရ ဆရာတော် Dennis Ngun Thang Mang က ပြောပါတယ်။
“ဘာသာရေး အပြန်အလှန် လေးစားမှုမရှိလို့ အဲဒီလိုလုပ်တာဆိုတဲ့ ခံစားချက်တွေလည်း ရှိတယ်။ သူ့ဘာသာ၊ ကိုယ့်ဘာသာ ဆိုတာမျိုး အပြန်အလှန် လေးစားမှု မရှိတဲ့ အတွက်ကြောင့် တခြားဘာသာကို စော်ကားတဲ့သဘော အနေနဲ့လည်း ခံစားတာတွေက အများကြီး ရှိတယ်ပေါ့။ အဲဒါကြောင့် ဘယ်ဘာသာမဆို အဲဒါမျိုး အပြန်အလှန် လေးစားမှု မရှိဘဲနဲ့ စော်ကားတဲ့ သဘောမျိုး သက်ရောက်မယ်ဆိုရင်တော့ နိုင်ငံတစ်ခု အနေနဲ့လည်း လုံးဝ မဖြစ်သင့်တဲ့အရာ၊ အင်တာနေရှင်နယ် Law တွေအရလည်း လုံးဝ မဖြစ်သင့်တဲ့အရာလို့ ကျနော်တို့ မှတ်ချက်တော့ ချထားတယ်ပေါ့”
ချင်းပြည်နယ်က ဘာသာရေး အဆောက်အအုံတွေဟာ တိုက်ပွဲဖြစ်နေချိန်မှာ မီးလောင်တာမျိုး ရှိသလို တိုက်ပွဲ မရှိဘဲနဲ့လည်း မီးလောင်တာမျိုး တွေ့ရတဲ့အတွက် စစ်တပ်ကို မေးမြန်းတဲ့အခါ သူတို့မသိကြောင်းသာ ပြန်ဖြေလေ့ ရှိတယ်လို့လည်း ဆရာတော် Dennis Ngun Thang Mang က ပြောပါတယ်။
အာဏာသိမ်း တစ်နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်မှာ အခြေစိုက်ထားတဲ့ စစ်တပ်က ခရစ်ယာန်ဓမ္မဆရာ အယောက် ၂၀ ကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက လေးယောက် အသက် ဆုံးခဲ့ကြောင်း၊ ၁၂ ဦး ပြန်လွတ်လာပေမယ့် ကျန်လေးဦး အခုချိန်အထိ အဖမ်းခံထား ရကြောင်း မတ်လ ၂၂ ရက် ချင်းရေးရာအဖွဲ့ချုပ် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
"လေယာဉ်နဲ့ ဗုံးလာကြဲတာတို့၊ အမြောက်နဲ့ ပစ်လိုက်တာတို့ အများပိုင်းက ဘုရားကျောင်း ပရဝဏ်မှာ ကျတာတော့ များတယ်။"
ကယား (ကရင်နီ) ပြည်နယ်မှာလည်း စစ်တပ်ရဲ့ လက်ချက်ကြောင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ ကနေ ၂၀၂၂ မတ်လ ၃၁ ရက်နေ့အထိ တစ်နှစ်ကျော် ကာလအတွင်း ဘာသာရေး အဆောက်အအုံ ၁၄ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ဧပြီ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း သုံးကျောင်း၊ ကက်သလစ် ဘုရားကျောင်း ၁၀ ကျောင်းနဲ့ အစ္စလာမ်ဗလီတစ်ခု ပါဝင်ပါတယ်။ စစ်တပ်အနေနဲ့ တိုက်ပွဲတွေ ဘယ်လိုပဲ ရှိနေပါစေ ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထားတာမျိုး ရှောင်ရှားသင့်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်ကော်မြို့က ခရစ်ယာန် ဘာသာရေးခေါင်းဆောင် တစ်ဦးကတော့ RFA ကို ပြောပါတယ်။
“ကယားပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ပြန်ကြည့်တဲ့အခါ လေယာဉ်နဲ့ ဗုံးလာကြဲတာတို့၊ အမြောက်နဲ့ ပစ်လိုက်တာတို့ အများပိုင်းက ဘုရားကျောင်း ပရဝဏ်မှာ ကျတာတော့ များတယ်။ ဒါကြောင့်လည်း ဘုရားကျောင်းတွေ ထိတာလည်း များတယ် ပေါ့။ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲဆိုတာတော့ ကျနော်တို့ မသိဘူးပေါ့လေ။ အဲဒီအတွက်ကိုတော့ ကျနော်တို့ ပြင်းပြင်းထန်ထန်လေးတော့ ကန့်ကွက်ပါတယ်။ ရှုတ်ချပါတယ်။ နောက်နောင် အဲဒီလို မပြုလုပ်ဖို့လည်း တောင်းဆိုချင်ပါတယ်”
ကယားပြည်နယ်မှာဆိုရင် ဘုရားကျောင်း တစ်ခုဖြစ်ဖို့အတွက် အချိန်နဲ့ ငွေကြေး များစွာသုံးပြီး ဒေသခံတွေရဲ့ အလှုငွေနဲ့ တည်ဆောက်ခဲ့ရတာလို့ သူက ဆိုပါတယ်။
ဘုရားကျောင်းတွေ ပျက်စီးသွားတဲ့အတွက် အပြစ်မဲ့ ကရင်နီ အရပ်သားတွေဟာ ဘေးဒုက္ခ ရောက်ချိန်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ယာယီနားခိုစရာ နေရာတောင် မရှိတော့ဘူးလို့လည်း အဲဒီ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်က ဖြည့်စွက်ပြောဆိုသွားပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ပြီးခဲ့တဲ့သီတင်းပတ်က ဆက်သွယ်မေးမြန်းတဲ့အခါ စစ်တပ်အနေနဲ့ မည်သည့်ဘာသာရေး အဆောက်အအုံကိုမှ ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိဘူးလို့ တုံ့ပြန်ပါတယ်။
“တပ်မတော်အနေနဲ့ မည်သည့် ဘာသာရေး အဆောက်အအုံကိုမှ ပစ်မှတ်ထား ဆောင်ရွက်ခြင်း မရှိဘူး။ အကြမ်းဖက်များ ခိုအောင်းနေတယ်ဆိုရင်တော့ သတင်း ရရှိတယ်။ တိကျတယ် ဆိုရင်တော့ အဲဒီ အကြမ်းဖက်များကို တိုက်ခိုက်တဲ့ ဖြစ်စဉ်မျိုး တွေ ရှိပါတယ်။ ခုနကပြောသလို စစ်ဘေး စစ်ဒဏ်ကြောင့် တိုက်ပွဲဖြစ်ပွားလို့ မလွှဲမရှောင်သာ ထိခိုက်မှုရှိခဲ့တဲ့ ဘာသာရေး အဆောက်အအုံတွေရှိရင် တပ်မတော်ကပဲ ကျနော်တို့ ဦးစီးပြီး ပြန်လည်ပြုပြင်ပေးနေတာလည်း လက်တွေ့ သာဓက မြင်ရမှာ ဖြစ်ပါတယ်”
စစ်ပွဲဆိုင်ရာ ဥပဒေတွေမှာ ဘာသာရေး အဆောက်အအုံတွေကို အကာအကွယ် ပေးရမယ်ဆိုတာကို ကုလသမဂ္ဂက ဂျီနီဗာကွန်ဗန်းရှင်းအရ တားမြစ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“ဘာသာရေး အဆောက်အအုံတွေ၊ ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်တွေဆိုတာ သူ့ရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရဲ့ အမှတ်အသား ဖြစ်တယ်။ ဒါကြောင့်မိုလို့ လူ့ကျင့်ဝတ်နဲ့တောင် စော်ကားတာ၊ ဖျက်ဆီးတာ လုပ်လို့ မရပါဘူး။ ဒါပေမဲ့ အခုချိန်မှာ ဘာသာရေး အဆောက်အအုံတွေကို ရည်ရွယ်ချက်ထားပြီး ပစ်ခတ်တာတွေ၊ ထိခိုက်စေတဲ့အရာ ဖြစ်တယ်ဆိုရင်တော့ ပိုပြီးတော့ ဆိုးဝါးတဲ့လုပ်ဆောင်မှု ဖြစ်တယ်။ ဘာသာရေး အဆောက်အအုံတွေကို မထိခိုက်အောင် ကာကွယ်ပေးရမယ်ဆိုတဲ့ ဂျီနီဗာကွန်ဗန်းရှင်းအရ စစ်ပွဲဆိုင်ရာ ဥပဒေတွေမှာ သတ်မှတ်တားဆီးထားတာ ဖြစ်ပါတယ်”
စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့တာတွေကို မေ့ပစ်မှာမဟုတ်သလို တစ်ချိန် မှာ တာဝန်ယူမှု တာဝန်ခံမှုဖြစ်လာအောင် ဖော်ဆောင် ရမယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောသွားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖျက်ဆီးခံရတဲ့ ဘာသာရေး အဆောက်အအုံ ၉၇ ခုမှာ အများစုက မီးရှို့ ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။ တချို့ကတော့ လက်နက်ကြီးကျည် ထိတာ၊ စစ်သားတွေက အဆောက်အအုံတွေ ထဲအထိ ဝင်ရောက်ပြီး ရည်ရွယ်ချက်ရှိရှိ ရိုက်နှက် ဖျက်ဆီးတာတွေ ပါဝင်တယ်လို့ RFA က ဆက်သွယ်မေးမြန်း ခဲ့တဲ့ ဒေသခံတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေက ပြောကြပါတယ်။