အကြမ်းဖက်မှုတွေရပ်ပြီး ငြိမ်းချမ်းရေး ကြိုးပမ်းကြဖို့ ဘာသာရေးခေါင်းဆောင်တွေ ပန်ကြား
2023.01.21

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းကြဖို့ ကာဒီနယ် ချားလ်စ်မောင်ဘိုနဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက ပန်ကြားလိုက်ပါတယ်။
ဇန်နဝါရီ ၂၁ ရက်နေ့စွဲနဲ့ ကာဒီနယ်ချားလ်စ်ဘို၊ မန္တလေးကက်သလစ်ဂိုဏ်းချုပ် ဆရာတော် မာကုတင်ဝင်းနဲ့ တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ဘာစီးလျှို အားသိုက်တို့ လက်မှတ်ရေးထိုးပြီး ပန်ကြားစာ ထုတ်ပြန်လိုက်တာပါ။
အဲဒီစာထဲမှာ လူတွေရဲ့ဘဝတွေ၊ အသက်ဆုံးရှုံးရမှုတွေ၊ အိုးမဲ့အိမ်မဲ့ဘဝတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေကို ပြီးခဲ့တဲ့လတွေအတွင်း ကြီးကြီးမားမားမြင်တွေ့ခဲ့ရကြောင်း၊ သဘာဝသယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုမှာ အခုလိုလူ့အသက်တွေ ပျက်စီးဆုံးရှုံးရခြင်းဟာ ကြေကွဲဝမ်းနည်းစရာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဘာသာရေးဝတ်ပြုရာနေရာတွေနဲ့ ဘုန်းကြီးကျောင်းတွေ တိုက်ခိုက်ခံနေရကြောင်း၊ ဝတ်ပြုကိုးကွယ်ရာ အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို ကာကွယ်ဖို့ The Hague Convention လို နိုင်ငံတကာစာတမ်းမှာ ပြဋ္ဌာန်းထားကြောင်းနဲ့ ငြိမ်းချမ်းရေးသာ အဖြေတစ်ခုဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းလုံးက သက်ဆိုင်သူအားလုံးအနေနဲ့ အကြမ်းဖက်မှုတွေရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးခရီးကို အတူလျှောက်လှမ်းကြဖို့လည်း ဘာသာရေးခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။