သတင်းထောက် အလှလေးသူဇာအပါအဝင် ကိုးဦးပြန်လွတ်

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.01.04
သတင်းထောက် အလှလေးသူဇာအပါအဝင် ကိုးဦးပြန်လွတ် အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ အလွတ်သတင်းထောက် အလှလေးသူဇာ(ခ) မသူဇာ။
RFA

နိုင်ငံတော်ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က)နဲ့ ထောင်နှစ်နှစ်ချခံထားရတဲ့ သတင်းထောက် အလှလေးသူဇာ(ခ) မသူဇာဟာ စစ်ကောင်စီရဲ့လျှော့ရက်နဲ့ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာလို့ ကာယကံရှင်ဖြစ်သူ မသူဇာက ပြောပါတယ်။

“လွတ်ရက်စေ့လို့တော့ မဟုတ်ဘူး။ သူတို့လျှော့ပေးတဲ့ လျှော့ရက်နဲ့ လွတ်လာတာပါ။ တခြားသတင်းထောက်တွေ အင်းစိန်ထောင်ကနေ လွတ်တာမရှိပါဘူး။ သတင်းသမားတွေ အကျဉ်းကျခံနေရဆဲဖြစ်လို့ လွတ်မြောက်လာတဲ့အပေါ် အပြည့်အဝမပျော်နိုင်ပါဘူး” လို့ သူကပြောပါတယ်။

အင်းစိန်အကျဉ်းထောင်အမျိုးသမီးဆောင်ဘက်ကနေ အကျဉ်းသား ၁၂၀ ခန့်ဒီနေ့လွတ်တယ်လို့ ကြားသိရပြီး လွတ်မြောက်လာသူတွေထဲမှာ ရိုဟင်ဂျာတချို့ပါကြောင်းနဲ့ သူတို့ကို လဝက ကလာမခေါ်သေးလို့ ထွက်ခွင့်မရသေးတဲ့ အခြေအနေကို တွေ့မြင်ခဲ့ရတယ်လို့လည်း သူကပြောပါတယ်။

အလွတ်သတင်းထောက် မသူဇာကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ထောင်ဒဏ် နှစ်နှစ်ချခဲ့တာဖြစ်ပါတယ်။ ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ရခဲ့တာဖြစ်ပြီး သူဟာအင်းစိန်ထောင်မှာ ၁၆ လကျော်ကြာ နေထိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့လွတ်လပ်ရေးနေ့မှာ သတင်းသမားတွေထဲက အလွတ်သတင်းထောက် အလှလေးသူဇာ(ခေါ်) မသူဇာ၊ ရွှေဖီမြေရုပ်သံသတင်းထောက် လွေးအမ်ဖောင်၊ ဇေယျာတိုင်းမ်သတင်းဌာန သတင်းထောက် ကိုပြည့်ဖြိုးအောင်၊ 7 Day News သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်းနဲ့ ပြည်က အလွတ်သတင်းထောက် ကိုရဲထွန်းဦး(ခ) မောင်ကောင်း၊ အလွတ်တန်းသတင်းထောက် ကိုအောင်ဇော်ဇော်၊ မြစ်မခသတင်းဌာန သတင်းထောက် ကိုမျိုးမင်းထွန်း၊ တိုင်းဧရာသတင်းဌာန သတင်းထောက် မရွှေရည်ဝင်း၊ အလွတ်တန်းသတင်းထောက် ကိုရဝေအောင်တို့ လွတ်မြောက်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဒီနေ့ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းထားသူ ၇၀၁၂ ဦးကို ပြန်လွှတ်ခဲ့ပါတယ်။ ဒီလိုပြန်လွှတ်ခဲ့ရာမှာ မတရား ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ခဲ့ပါဘူး။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုတွေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရ ပြစ်မှုတွေ၊ မတရားအသင်းအက်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေ၊ လူသတ်မှု၊ မုဒိမ်းမှု အစရှိတဲ့ ပုဒ်မတွေကလွဲပြီး ကျန်ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထောက်တွေကို Viber က တစ်ဆင့်ပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။