စစ်ကောင်စီနဲ့ တရားဝင်နေရာပေးဆက်ဆံမှုကို ရပ်တန့်ဖို့ အိန္ဒိယကိုတောင်းဆို

RFA Burmese
2023.09.08
စစ်ကောင်စီနဲ့ တရားဝင်နေရာပေးဆက်ဆံမှုကို ရပ်တန့်ဖို့ အိန္ဒိယကိုတောင်းဆို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေရှန်ကာတို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တွေ့ဆုံစဉ်။
Mofa Myanmar

ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ စစ်အုပ်စုကို အိန္ဒိယအစိုးရက တရားဝင် နေရာပေးဆက်ဆံနေတာကို ရပ်တန့်ပေးဖို့ တိုက်တွန်းတောင်းဆိုကြောင်း ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS)နဲ့ India For Myanmar အဖွဲ့က ပူးတွဲပြီး စက်တင်ဘာ ၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကို အိန္ဒိယအနေနဲ့ လက်နက်၊ ခဲယမ်းတွေ ရောင်းချနေတာဟာ မြန်မာ ပြည်သူတွေကို သတ်ဖြတ်ဖမ်းဆီးဖို့ သွယ်ဝိုက်တဲ့နည်းနဲ့ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် လက်နက်ရောင်းချတာတွေရပ်တန့်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းတောင်းဆို ထားပါတယ်။

လက်ရှိ ကြုံတွေ့နေရတဲ့ နယ်စယ်ဒေသ အကျပ်အတည်း ပြဿနာတွေကို လျှော့ချဖို့ အတွက် မြန်မာစစ်ဘေးဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော်ခွင့်နဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ကိုလည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ အသုံးပြုဖို့နဲ့ ပြည်သူတွေရဲ့ လူ့အခွင့်ရေးနဲ့ အချက်လက်ဆိုင်ရာ အခွင့်အရေးတွေကို ထပ်မံချိုးဖောက်ဖို့ အိန္ဒိယအနေနဲ့ E-ID စနစ် နည်းပညာ၊ လူအင်အားနဲ့ အရင်းအမြစ်တွေကို ကူညီပေးနေတာကို ရပ်တန့်ပေးဖို့ တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ကုန်သွယ်ငွေကြေးကို မြန်မာကျပ်ငွေနဲ့ ရူပီး တိုက်ရိုက်လဲလှယ်မှုကို ခွင့်ပြုတာ ရပ်တန့်ပေးဖို့၊ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပြီး မြန်မာပြည်သူတွေ အားပေးထောက်ခံတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့၊ စနစ်တော်လှန်နေတဲ့ မြန်မာပြည်သူတွေကို လျစ်လျူမရှုဘဲကူညီပေးဖို့ တောင်းဆိုကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဘက်ကနေ အိန္ဒိယနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခိုလှုံနေရတဲ့ မြန်မာဒုက္ခသည် ငါးသောင်းရှိနေပြီလို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အိန္ဒိယအစိုးရရဲ့ သဘောထားကိုသိနိုင်ဖို့ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်း ထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။