စစ်ကောင်စီက မောင်တောဆေးရုံ ပိတ်လိုက်လို့ ဒေသခံတွေ အခက်တွေ့နေ

RFA Burmese
2024.03.13
စစ်ကောင်စီက မောင်တောဆေးရုံ ပိတ်လိုက်လို့ ဒေသခံတွေ အခက်တွေ့နေ မောင်တောခရိုင် ပြည်သူ့ဆေးရုံကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဥ်။
Photo: RFA

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင် ပြည်သူ့ဆေးရုံဟာ မတ်လ ၁ ရက်နေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့တာကြောင့် ကုသရေးအပိုင်း ရပ်တန့်သွားပြီး နေမကောင်းဖြစ်နေတဲ့လူနာတွေ၊ မီးဖွားမယ့်လူနာတွေနဲ့ အရေးပေါ်လူနာတွေ အခက်အခဲကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆေးရုံပိတ်ပြီး ဆရာဝန်နဲ့ ဝန်ထမ်းအားလုံး စစ်တွေမြို့ကိုလာဖို့ ပြည်နယ်စစ်ကောင်စီက မတ်လ ၁ ရက်နေ့မှာ ဖိအားပေးခေါ်ခဲ့ပြီးနောက်ပိုင်း အခုလိုရပ်တန့်နေတာလို့ အမည်မဖော်လိုတဲ့ မောင်တောမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုဆေးရုံက ဝန်ထမ်းတွေအားလုံး အဖမ်းခံရမှာကြောက်လို့ အားလုံးရှောင်နေကြတယ်။ ဝန်ထမ်းတွေမရှိတော့ ဆေးရုံက ပုံမှန်မလည်ပတ်နိုင်ဘဲ ပိတ်ထားရတော့ ကလေးခွဲမွေးရမယ့်လူတွေနဲ့ အရေးပေါ်လူနာတွေ ပိုပြီးတော့ ဒုက္ခရောက်တယ်”

ကျန်းမာရေးဝန်ထမ်းတွေကတော့ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးခံရမှုတွေရှိတဲ့အပေါ် စစ်ကောင်စီကို အယုံအကြည်မရှိတာကြောင့် စစ်တွေကိုမပြန်ဘဲ ဘေးလွတ်ရာ တိမ်းရှောင်နေကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီဘက်က ဆေးရုံကိုပြန်ဖွင့်ခိုင်းထားပေမယ့် မတ်လ ၁ ရက်နေ့ကတည်းက ဘေးလွတ်ရာ တိမ်းရှောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပြန်မလာရဲတာကြောင့် ကုသရေးအပိုင်းမှာ လူမရှိတော့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီခဲ့တဲ့ရက်ကလည်း မောင်တောမြို့ခံ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးဟာ ဆေးရုံမှာဝန်ထမ်းမရှိတာကြောင့် ကလေးမီးဖွားဖို့နောက်ကျပြီး ကလေးဆုံးရှုံးခဲ့ရတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မွတ်စလင် အမျိုးသမီးတစ်ယောက် ကလေးလာမွေးတာ၊ ကလေးက ဆုံးသွားတယ်လို့ ပြောတယ်။ ပြီးတော့ မောင်တော စံပြရွာက အမျိုးသမီးတစ်ယောက်လည်း ဆေးရုံမှာဝန်ထမ်းတွေမရှိလို့ ကလေးမွေးဖို့ အခက်အခဲဖြစ်ခဲ့တယ်။ နောက်ဆုံး အပြင်က သူနာပြုတစ်ယောက်ကို အိမ်ခေါ်ပြီးမွေးလိုက်ရတယ်”

ဒေသခံတွေပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ကျန်းမာရေးဝန်ထမ်းတွေကို ဘာကြောင့်ပြန်ခေါ်တာလဲဆိုတာကိုလည်း တိတိကျကျမသိရသေးပါဘူး။

ဆေးရုံရပ်နားထားရတဲ့အကြောင်း အသေးစိတ်သိရဖို့ မောင်တောခရိုင် ပြည်သူ့ဆေးရုံရဲ့ ဆေးရုံအုပ် ဒေါက်တာ နုကေသီဇံကို မေးမြန်းဖို့ကြိုးစားခဲ့ပေးမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ဒီအပေါ် တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းမကိုင်ပါဘူး။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က မောင်တောခရိုင် ဆေးရုံရဲ့ ငှက်ဖျားဌာန ကျန်းမာရေးဝန်ထမ်းတစ်ဦးဟာ စစ်တွေမြို့ကိုရောက်ချိန်မှာ စစ်ဆေးမေးမြန်းစရာ ရှိတယ်ဆိုပြီး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။

ဒါ့အပြင် မြေပုံမြို့နယ် ငပသုံတိုက်နယ်ဆေးရုံက ဆရာဝန်တစ်ဦးကိုလည်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဆေးဝါးတွေ တင်ဆောင်လာတယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။