တရုတ်-မြန်မာနယ်စပ်မှာ စစ်မှုထမ်းအကျုံးဝင်သူတွေ ဝင်ထွက်ခွင့် ကန့်သတ်ခံရ
2025.02.12

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ကနေ တရုတ်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မဲ့သူတွေထဲ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကစလို့ မြန်မာအာဏာပိုင်တွေက ထွက်ခွာခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံထဲ ဝင်ရောက်ဖို့အတွက် မှတ်ပုံတင်၊ စမတ်ကတ်နဲ့ အစိမ်းရောင်ကတ်လို့ခေါ်တဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) တို့ပါရင် မြန်မာ အာဏာပိုင်တွေက ဖြတ်သန်းခွင့်ပြုခဲ့တာပါ။
လက်ရှိမှာတော့ အမျိုးသား အသက် ၃၅ နှစ်အောက်၊ အမျိုးသမီး ၂၇ နှစ်အောက် အရွယ်ရှိသူတွေကို သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေရဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်မခံရသေးဘူးဆိုတဲ့ ထောက်ခံစာပါမှပဲ ဝင်ခွင့်ပြုတော့တယ်လို့ တရုတ်နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
"မနေ့က စပိတ်ကြတာ။ အမျိုးသားတွေ ဝင်ချင်တယ်ဆိုရင်တော့ ရွာကနေပြီးတော့ စစ်မှုထမ်းဆင့်ခေါ်ရန် စာမကျသေးပါကြောင်း ထောက်ခံတယ်ဆိုတဲ့စာကို ရပ်ကွက်လူကြီးက လုပ်ပေးမယ်ဆိုရင် ဝင်လို့ရတယ်။ အဲဒီစာပါရင် ဒီက လ.ဝ.က က တစ်ပတ်ကတ် ထုတ်ပေးတယ်။ အဲဒီစာမပါရင် တစ်ပတ်ကတ်ထုတ်မပေးတော့ဘူး"
မြန်မာဘက်က ဝင်ခွင့်ပြုတဲ့အခါမှာလည်း အလုပ်လုပ်မဲ့သူတွေအနေနဲ့ တရုတ်အလုပ်ရှင်တွေရဲ့ အလုပ်ခေါ်စာ မပြနိုင်သူတွေကို တရုတ်အာဏာပိုင်တွေက ဝင်ရောက်ခွင့်မပြုဘဲ နောက်တစ်ဆင့် ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
အခုလို ကန့်သတ်ချက်တွေရှိတဲ့အပြင် မြန်မာအာဏာပိုင်တွေက တစ်ရက်ကို လူတစ်ရာသာ ဝင်ခွင့်ပြုတော့တယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။
"ကန့်သတ်ထားတယ်ပေါ့နော်။ ဒါပေမဲ့ တရားဝင် စာထုတ်တာတော့ မတွေ့ဘူး။ လူအရေအတွက်လည်း သူတို့ ကန့်သတ်ထားတယ်။ တစ်ရက်ကို တစ်ရာပဲ ပေးဝင်မယ်လို့ ပြောတယ်။ ဒီတစ်လောက တရုတ်က လုပ်ငန်းအကျိုးဆောင်တွေလည်း အလုပ်မရှာပေးနိုင်တော့ဘူး ဖြစ်နေတယ်"
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မြန်မာနိုင်ငံအနှံ့က လာရောက်တဲ့ လူငယ်လေးထောင်ခန့်ဟာလည်း တရုတ်နိုင်ငံဘက်က အလုပ်ခေါ်စာမရသေးတာကြောင့် ဝင်ခွင့်မရကြလို့ မူဆယ်မြို့မှာ စောင့်ဆိုင်းနေကြရတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ မြန်မာအလုပ်သမားတွေ တရားဝင်အလုပ်လုပ်နိုင်ဖို့ ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ နှစ်နိုင်ငံ နားလည်မှုစာချုပ် (MOU) လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ယာယီနယ်စပ် ဖြတ်သန်းခွင့် (TBP) လက်မှတ်နဲ့ တရုတ်နိုင်ငံဘက် သွားရောက် အလုပ်လုပ်ကိုင်သူ များလာတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။