ရေဘေးဒုက္ခသည်အကူအညီပေးရေး ပဲခူးတိုင်းစစ်ကောင်စီ ကန့်သတ်

RFA Burmese
2024.07.31
ရေဘေးဒုက္ခသည်အကူအညီပေးရေး ပဲခူးတိုင်းစစ်ကောင်စီ ကန့်သတ် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ရေကြီးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် KNU ထုတ်ပြန်ထားစဉ်။
Facebook/ 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ဒေသတွေဖြစ်တဲ့ ပဲခူးတိုင်း၊ မုန်းနဲ့ ကျောက်ကြီးမြို့နယ်တွေမှာ ရေဘေးဒုက္ခသည်တွေကို အကူအညီပေးရေးအတွက် တိုင်းစစ်ကောင်စီက ကန့်သတ်ထားတယ်လို့ ဒေသခံတွေနဲ့ လူမှုအကူအညီပေးနေသူတွေက ပြောပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းနဲ့ ကျောက်ကြီးမြို့နယ်တွေမှာ ဇူလိုင်လ ၂၅ ရက်နေ့ကစလို့ ရေကြီးရေလျှံမှု ဖြစ်နေတာကြောင့် ဒေသခံတွေ အရေးပေါ် အကူအညီတွေ လိုအပ်နေတာပါ။

မုန်းမြို့နယ်မှာ အိမ်ခြေ ခုနစ်ရာခန့် ရေဘေးဒဏ်ခံရပြီး အဲဒီထဲက ဆိုးဆိုးရွားရွား ရေဘေးကြုံရတဲ့ အိမ်ခြေတစ်ရာခန့်က အရေးပေါ် ကူညီကယ်ဆယ်ရေး လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေက ပဲခူးတိုင်း စစ်ကောင်စီဝန်ကြီးချုပ် လက်မှတ်ပါမှ ကူညီကယ်ဆယ်ရေးတွေ ခွင့်ပြုတာကြောင့် အခက်အခဲဖြစ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုန်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ဆေးရေးဂိတ်တွေက ပဲခူးတိုင်းဝန်ကြီးချုပ် လက်မှတ်ပါမှ ကူညီရေး လုပ်ရမယ်ပေါ့။ အဲဒီခွင့်ပြုမိန့်ကလည်း ဆယ်ရက်လောက်ကြာတယ်။ ကူညီကယ်ဆယ်ရေးမှာ နှောင့်နှေးကြန့်ကြာတာပေါ့”

အရင်ကတည်းက စစ်ဘေးဒုက္ခသည်တွေရှိတဲ့ မုန်းနဲ့ ကျောက်ကြီးမြို့နယ်တွေမှာ ရေဘေးပါထပ်ကြုံနေရလို့ ဒေသခံတွေ အခက်အခဲရှိလာပြီလို့ ဆိုပါတယ်။

ကျောက်ကြီးမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေကြောင့် စစ်ကောင်စီက လမ်းတွေဖြတ်ထားလို့ ကူညီကယ်ဆယ်ရေးတွေ အလွယ်တကူ မရောက်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ ပတ်သတ်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မုန်းမြို့နယ်မှာ ရေနစ်မြုပ်နေတဲ့ ကျေးရွာပေါင်း ၅၇ ရွာနဲ့ ကျောက်ကြီးမြို့နယ်မှာ ရွာပေါင်း ၄၁ ရွာက လူဦးရေ နှစ်သောင်းနီးပါး (၁၈,၆၉၈) ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇူလိုင်လ ၂၉ ရက်က ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။