ချင်းပြည်နယ်ကို စားနပ်ရိက္ခာသယ်ခွင့် စစ်ကောင်စီကန့်သတ်
2024.08.28
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်ထဲကို ဆန်အပါအဝင် စားသုံးကုန်စည်တွေသယ်ယူခွင့် စစ်ကောင်စီတပ်က ကန့်သတ်ထားတာ တစ်ပတ်ကျော်ရှိနေပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ဩဂုတ်လ ၂၀ ရက်ကနေ ၂၈ ရက်နေ့အထိ တစ်ပတ်ကျော်အတွင်း ဆန်၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ ဘိလပ်မြေ အပါအဝင် အိမ်ဆောက်ပစ္စည်းတွေကို သယ်ယူခွင့် ပိတ်ပင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ရက်ရှည်ပိတ်သွားခဲ့ရင် ချင်းပြည်နယ်က ဒေသခံတွေဟာ စားနပ်ရိက္ခာပြတ်လပ်လာမှာ စိုးရိမ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တီးတိန်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"အခုတောင်မှ သူတို့ပိတ်တာ တစ်ပတ်ကျော်ရှိပြီ၊ ရက်ရှည်ပိတ်လိုက်ရင်တော့ အဓိက ချင်းပြည်နယ်မြောက်ပိုင်းက ဒေသခံတွေ စားနပ်ရိက္ခာအတွက်ရော ၊ တခြား အိမ်သုံးပစ္စည်းတွေပါ ခက်ခဲတော့မှာ"
စစ်ကောင်စီတပ်တွေဟာ ကလေးမြို့ ရှစ်မိုင်၊ ကလေးတက္ကသိုလ်မုခ်ဦးအရှေ့နဲ့ ခိုင်ကမ်းမြို့တို့မှာ တပ်စွဲထားပြီး ကလေးမြို့အဝင် အထွက်မှာ ဆိုင်ကယ်ကားနဲ့ သွားလာတဲ့သူတွေ အမြဲစစ်ဆေးမှုတွေလုပ်ပြီး ငွေကြေးတောင်းခံမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီဟာ နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး နယ်မြေလက်လွှတ်ဆုံးရှုံးမှုရှိလာတဲ့ ရခိုင်ပြည်နယ်ကိုလည်း စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းတွေ သယ်ယူခွင့် ကန့်သတ်ထားပါတယ်။