ဆန်ဈေး အဆမတန်တင်ရောင်းသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန်

RFA Burmese
2024.06.30
ဆန်ဈေး အဆမတန်တင်ရောင်းသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဆန်ပွဲရုံတစ်ရုံအား ၂ဝ၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ပြည်တွင်းဆန်စျေးကွက်အတွင်း ဆန်ဈေးနှုန်းတွေ အဆမတန် မြှင့်တင်ရောင်းဝယ်နေတယ်ဆိုပြီး ဆန်ကုန်သည်တွေနဲ့ စျေးဝယ်စင်တာလုပ်ငန်းရှင်တွေကို အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့မီဒီယာတွေကနေ ဇွန်လ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဆန်စျေးနှုန်းမြင့်တက်နေတာကြောင့် နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက မြို့ကြီးတွေမှာရှိတဲ့ ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ ခု၊ ဆိုင်ခန်း ခုနစ်ခုက ဆန်စပါး လုပ်ငန်းရှင် ၅၈ ဦးကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လစဉ်ထုတ်ပြန်နေတဲ့ ဈေးနှုန်းထက် ပိုမိုရောင်းချနေတာကို စစ်ကောင်စီရဲ့လုံခြုံရေးအဖွဲ့အစည်းက စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဆန်လုပ်ငန်းရှင် ၅၇ ဦးထဲက သတ်မှတ်စျေးနှုန်းထက် သုံးဆယ်ရာခိုင်နှုန်းထိ အမြတ်တင်ရောင်းချနေတဲ့ လုပ်ငန်းရှင် ၂၄ ဦးကို ဒဏ်ကြေးနဲ့ အခွန်ကောက်ခံသွားမှာဖြစ်ပြီး သတ်မှတ်စျေးနှုန်းထက် ၃၁ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းချခဲ့တဲ့ လုပ်ငန်းရှင် ခုနစ်ဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူ ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီစစ်ဆေးအရေးယူရာမှာ ဆန်ကုန်သည်တွေကိုသာမက ဆန်ရောင်းချနေတဲ့ စတိုးဆိုင်နဲ့ စျေးဝယ်စင်တာ ၅၀ ကျော်ကိုပါ စစ်ဆေးခဲ့ပြီး ဆန်စပါးအသင်းချုပ်ရဲ့ သတ်မှတ်စျေးနှုန်းထက်ကျော်လွန်ပြီး ၂၁ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ရောင်းချခဲ့တဲ့ ဈေးဝယ်စင်တာနဲ့ စတိုးဆိုင် ၃၀ ကို အကောက်ခွန်နဲ့ ဒဏ်ကြေးပေးဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၅၁ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ကျော်လွန်ရောင်းချခဲ့တဲ့ စျေးဝယ်စင်တာ ၂၂ ခုက တာဝန်ရှိသူ လေးဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ လစဉ်ထုတ်ပြန်ထားတဲ့ ဈေးကွက်ဈေးနှုန်းထက် ပိုမိုရောင်းချနေတာတွေကို တွေ့ရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေကို လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် သုံးဆဝန်းကျင်ထိ မြင့်တက်လာတဲ့ ရွှေ၊ စားသုံးဆီနဲ့ ဒေါ်လာစျေးကို ထိန်းချုပ်ဖို့ စစ်ကောင်စီက လုပ်ငန်းရှင်တွေကို ဖမ်းဆီးတာ၊ ဆိုင်နေရာတွေကို ချိပ်ပိတ်ခဲ့သလို ဇွန်လလယ်ကစပြီး ဆန်စျေးနှုန်းထိန်းချုပ်နိုင်ဖို့ဆိုပြီး ဆန်ကုန်သည်တချို့ကို စတင်စစ်ဆေးဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။