ကျောက်ဖြူမြို့က အခြေခံလူတန်းစားအချို့ ပရဟိတအကူအညီနဲ့ အလှူခံဆန်စားနေရ
2023.11.29
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ စစ်ကောင်စီတပ်က ရေလမ်းနဲ့ကုန်းလမ်းတွေကို သွားလာခွင့်ကန့်သတ်ထားတာကြောင့် စားနပ်ရိက္ခာဆန်ပြတ်လပ်နေပြီး မြို့ပေါ်က အခြေခံလူတန်းစားအချို့ဟာ ပရဟိတအဖွဲ့တွေကကူညီတဲ့ အလှူခံဆန်ကို စားနေကြရတယ်လို့ ကျောက်ဖြူမြို့ခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့မှာ အခြေခံလူတန်းစားတွေ အများဆုံးနေထိုင်တဲ့ ဆားပြင်ကွင်း၊ ကုလားဘာတောင်နဲ့ ငလပွေ့ရပ်ကွက်တွေမှာ အဲဒီလိုကြုံနေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဖြူမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"အဲဒီရပ်ကွက်မှာ နေကြသူတွေက ရေလုပ်ငန်းလုပ်တယ်။ ပန်းရံလုပ်ငန်းလုပ်တယ်။ အခုက ဘာမှမလုပ်ရတော့ ဝင်ငွေမရှိတော့ဘူး။ ဆန်ကလည်း ဝယ်ရတာခက်ခဲတော့ ဆန်ကွဲကိုကျိုပြီး ဆန်ပြုတ်လိုစားနေကြရတယ်။ မြို့ပေါ်က ပရဟိတအဖွဲ့တွေက ဆန်အလှူလိုက်ပေးတော့မှ အဲဒီဆန်ကို စားကြရတာ"
အဲဒီမှာနေထိုင်သူတွေဟာ နေ့စားအလုပ်သမားတွေ၊ ရေလုပ်ငန်းနဲ့ အသက်မွေးကြသူတွေ ဖြစ်တာကြောင့် အခုလိုကာလမှာ ထမင်းနပ်မမှန်တော့တဲ့ အခြေအနေဖြစ်လာတယ်လို့ ဆိုပါတယ်။
မြို့ခံ ပရဟိတအဖွဲ့တွေအနေနဲ့လည်း စားနပ်ရိက္ခာ ဆန်ပြတ်လပ်နေတာကြောင့် အကူအညီတွေပေးတဲ့အခါ အိမ်ထောင်စုတစ်စုကို ဆန်နို့ဆီဘူး လေးဘူးကနေ ဆယ်ဘူးအထိပဲ အကူအညီပေးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့ပေါ်မှာလည်း စားနပ်ရိက္ခာဆန်ပြတ်လပ်မှုနဲ့ကြုံနေရပြီး ဆန်ဆိုင်တွေလည်း လုံခြုံရေးအခြေအနေကြောင့် ပိတ်ထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကျောက်ဖြူမြို့မှာရှိတဲ့ ပင်လယ်နဲ့ မြစ်ကမ်းဘေးတစ်လျှောက်က ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုတွေက ဒေသခံတွေအနေနဲ့ လက်လှေ၊ စက်လှေတွေနဲ့ သွားလာ ငါးဖမ်းတာတွေမလုပ်ဖို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်း လက်မှတ်ထိုးပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ် နိုဝင်ဘာလ ၁၃ ရက်ကစပြီး တိုက်ပွဲဖြစ်ခဲ့သလို နိုဝင်ဘာလ ၂၂ ရက်နေ့အထိ စစ်ကောင်စီရဲ့ တပ်စခန်းလေးခုနဲ့ စစ်ကောင်စီတပ်ဘက်က စွန့်လွှတ်ခဲ့တဲ့စခန်း လေးဆယ်ကျော်ကို သိမ်းပိုက်ထားတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။