ရိုဟင်ဂျာအရေး ကုလဆုံးဖြတ်ချက် လက်မခံနိုင်ကြောင်း စစ်ကောင်စီတုံ့ပြန်

2022.11.19
ရိုဟင်ဂျာအရေး ကုလဆုံးဖြတ်ချက် လက်မခံနိုင်ကြောင်း စစ်ကောင်စီတုံ့ပြန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသည့် ရိုဟင်ဂျာများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: MUNIR UZ ZAMAN / AFP

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီ အစည်းအဝေးမှာ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများနဲ့ အခြားလူနည်းစုများရဲ့ လူ့အခွင့်အရေးအခြေအနေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆုံးဖြတ်ချက်အဆိုတစ်ခု ချမှတ်လိုက်တဲ့အပေါ် လက်မခံဘူးလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က စာထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။

ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေး တွေကို အကာအကွယ်ပေးမယ့် ဆုံးဖြတ်ချက်မူကြမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ တတိယ အကြိမ် ကော်မတီအစည်းအဝေးကနေ မဲမခွဲဘဲ သဘောတူ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တုံ့ပြန်ချက်မှာတော့ နိုင်ငံတစ်နိုင်ငံအပေါ် ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်အဆိုတွေကို ဆန့်ကျင်တဲ့ ရပ်တည်ချက်အရ လည်းကောင်း၊ အဆိုမှာပါဝင်တဲ့ သိမ်းကျုံးစွပ်စွဲချက်တွေအရ လည်းကောင်း၊ လက်သင့်မခံနိုင်တဲ့ တောင်းဆိုချက်တွေအရ လည်းကောင်း ဒီဆုံးဖြတ်ချက်အဆိုကို ပယ်ချပြီး ပါဝင်ပတ်သက်မှု မရှိဘူးလို့ ဖော်ပြထားပါတယ်။

စိတ်ကူးယဉ် တီထွင်ဖန်တီးထားတဲ့ စွပ်စွဲချက်တွေပါဝင်တဲ့ ဒီဆုံးဖြတ်ချက်အဆိုကို အတည်ပြုလိုက်တာဟာ မြန်မာ့အရေးကိစ္စအတွက် လက်တွေ့ကျတဲ့ အဖြေရှာဖွေရာမှာ ဘယ်လိုမှ အထောက်အကူမဖြစ်ဘူးလို့လည်း ရေးသားထားပါတယ်။

အဲဒီဆုံးဖြတ်ချက်ထဲမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်ကို ရှုတ်ချထားသလို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ပြစ်မှုကျူးလွန်သူတွေကို တာဝန်ခံမှုရှိလာအောင် လုပ်သွားမယ်လို့ ပါဝင်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ တာဝန်ရှိသူကတော့ ဒီလိုဆုံးဖြတ်ချက် မူကြမ်း အတည်ပြုနိုင်တာကို ကြိုဆိုကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာအရေး ဆုံးဖြတ်ချက်မူကြမ်းချမှတ်ဖို့ ဥရောပသမဂ္ဂနဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်နိုင်ငံတွေက အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဲဒီအဆိုထဲမှာပါဝင်တဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း အသိအမှတ် မပြုနိုင်ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။