မောင်တောမှာ ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာတဲ့ ရိုဟင်ဂျာသုံးဦး ဖမ်းဆီးခံရ

RFA Burmese
2023.09.12
မောင်တောမှာ ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာတဲ့ ရိုဟင်ဂျာသုံးဦး ဖမ်းဆီးခံရ မောင်တောမြို့နယ်မြောက်ပိုင်း ဒိုးတန်းရွာ‌အနီးတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာသုံးဦးအား တွေ့ရစဉ်။
ရခိုင်နေ့စဉ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဒိုးတန်းရွာ‌အနီးမှာ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ပြန်ဝင်လာတဲ့ ရိုဟင်ဂျာသုံးဦးကို ဖမ်းဆီးမိ တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ သတင်းတွေ ဖော်ပြနေတဲ့ ရခိုင်နေ့စဉ်က ဒီနေ့ သတင်းဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဆယ်ကျော်သက်အရွယ် ရိုဟင်ဂျာလူငယ်တွေဖြစ်တဲ့ အဒူဝါဟဲဒ်၊ ကိစ်မောက်အာရာနဲ့ မူဟာမတ်ဇာဘဲစ် တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သုံးဦးစလုံးကို ငါးခူရ နယ်မြေခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပြီး စက်တင်ဘာ ၁၂ ရက် ဒီနေ့မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ အမှုဖွင့်ဖို့ မောင်တောမြို့တရားရုံးကို ခေါ်သွားတယ်လို့ ငါးခူရ ရွာခံက ပြောပါတယ်။

သူတို့သုံးဦးဟာ ငန်းချောင်းရွာကဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းကဖြစ်ခဲ့တဲ့ စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတာလို့ ငါးခူရ ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဘင်္ဂလားက ခိုးဝင်တယ်ဆိုပြီးတော့ အမှုဖွင့်ဖို့ ဒီနေ့ စခန်းမှူးနဲ့ မောင်တောတရားရုံးကို သွားကြတယ်။ သူတို့က ငန်းချောင်းရွာသား။ ၂၀၁၇  ဖြစ်စဉ်မှာ ထွက်ပြေးသွားကြတာ။ အဲလိုထွက်ပြေးသွားပြီးတော့ အခုပြန်ဝင်တယ် အဲလိုပုံစံဖြစ်မယ်”

ငါးခူရ နယ်မြေခံ နယ်ခြားစောင့်ရဲစခန်းမှူး ဦးစိုးဝင်းအောင်ကတော့ အဲဒီလူငယ်သုံးဦးကို မောင်တောမြို့နယ် တရားရုံးမှာ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁) နဲ့ အမှုဖွင့် ထားတယ်လို့ RFA ကို ပြောပါတယ်။

“ဖမ်းပြီးတော့ ကျွန်တော်တို့က တရားစွဲတာပေါ့။ လဝက ၁၃(၁) နဲ့ တရားစွဲလိုက်ပြီ။ ဒီနေ့ မောင်တောမြို့နယ် တရားရုံးမှာရှိတယ်။ ဟုတ်တယ် သူတို့က ဒီကနေ ထွက်ပြေး သွားတယ်။ ထွက်ပြေးသွားပြီးတော့ ပြန်ဝင်လာတာ”

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်စားသောက်ရေး အဆင်မပြေတာကြောင့် မြန်မာနိုင်ငံဘက် ပြန်ဝင်လာကြတာလို့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက ပြောကြပါတယ်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်ကလည်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၂၈ ဦးကို မောင်တောမြို့နယ် ဂေါ်ဒူသာရချောင်းဝနဲ့ မှိုဝင်ချောင်းဝကြားမှာ ဖမ်းဆီးရမိ ခဲ့တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့‌တောင်မြို့နယ်ကနေ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကတော့ ရိုဟင်ဂျာ စုစုပေါင်း ခုနစ်ထောင် ပြန်လည်လက်ခံရေးကိစ္စကို အခုနှစ်မိုးရာသီအကုန်မှာ လုပ်ဆောင်နိုင်ဖို့ စီစဉ်နေတယ်လို့ နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် စက်တင်ဘာလ ၅ ရက်နေ့က ပြောဆိုထားပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။