ရိုဟင်ဂျာတွေကို ကူညီနိုင်ဖို့ ဒေါ်လာ သန်း ၈၇ဝ ကျော် လိုအပ်ကြောင်း ကုလပြော
2023.03.07

စားနပ်ရိက္ခာထောက်ပံ့ငွေ လျှော့ချဖြတ်တောက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီနိုင်ဖို့ အမေရိကန်ဒေါ်လာ ၈၇၆ သန်း လိုအပ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ဌာနေကိုယ်စားလှယ်ရုံးက မတ်လ ၇ ရက်နေ့က ပြောကြားလိုက်ပါတယ်။
မနှစ်ကလည်း လှူဒါန်းငွေ ဒေါ်လာ ၅၅၃ သန်းပဲ ရရှိခဲ့တာကြောင့် လိုအပ်တဲ့ပမာဏထက် နည်းပါးခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုလှူဒါန်းငွေ နည်းပါးမှုကြောင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က မတ်လက စပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို ပေးအပ်နေတဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေ လျှော့ချဖို့ ဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ထောက်ပံ့ငွေတွေကို အခုလိုဖြတ်တောက်လိုက်တာကြောင့် ဒုက္ခသည်တွေရဲ့နေ့စဉ်ဘဝ ပိုပြီး ခက်ခဲလာလိမ့်မယ်လို့ ကုလဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ဌာနေကိုယ်စားလှယ်က ပြောပါတယ်။
ဒါကြောင့် နိုင်ငံတကာက အလှူရှင်တွေအနေနဲ့ လက်ရှိကြုံနေရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ပိုဆိုးမလာခင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေဟာ စခန်းအပြင်ထွက်ပြီး အလုပ်လုပ်ကိုင်ခွင့်လည်း မရကြဘဲ ပေးအပ်သလောက် ထောက်ပံ့ငွေနဲ့ပဲ နေထိုင်နေကြရတာကြောင့် ပိုကောင်းမွန်တဲ့ ဘဝကို ရဖို့ ပင်လယ်ကိုဖြတ်ပြီး စွန့်စားသွားလာနေကြကြောင်း၊ မနှစ်ကဆိုရင် ပင်လယ်ခရီး ဖြတ်သန်းရင်း ရိုဟင်ဂျာ အယောက် ၂ဝဝ နီးပါး သေဆုံးခဲ့ကြရကြောင်း ကုလသမဂ္ဂဒုက္ခသည်ရုံးရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။