ရိုဟင်ဂျာ ၁၁ဝ ကျော်ပါတဲ့ စက်လှေကို အင်ဒိုနီးရှား တံငါသည်တွေ ကယ်တင်
2024.11.30
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ရိုဟင်ဂျာ ၁၁၆ ဦးလိုက်ပါလာတဲ့ စက်လှေကို ဒေသခံတံငါသည်တွေ ဒီနေ့ ကယ်တင်လိုက်တယ်လို့ AP သတင်းက ဖော်ပြပါတယ်။
စက်လှေပေါ်လိုက်ပါလာသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းကနေ ထွက်လာကြတဲ့ ရိုဟင်ဂျာတွေဖြစ်ပြီး မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားနိုင်ငံကို သွားဖို့ ရည်ရွယ်ကြသူတွေဖြစ်တယ်လို့ ဒေသဆိုင်ရာရဲချုပ်က AP သတင်းဌာနကို ပြောထားပါတယ်။
လှေပေါ်ပါလာသူ အများစုက ကလေးတွေနဲ့ အမျိုးသမီးတွေဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
အာချေးနဲ့ မြောက်ဆူမားတြားပြည်နယ်တွေကိုလည်း ပြီးခဲ့တဲ့လက ရိုဟင်ဂျာ ၄ဝဝ ဝန်းကျင် လှေတွေနဲ့ ရှောက်ရှိခဲ့ပါသေးတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူ Faisal Rahman ကလည်း အာချေးအရှေ့ပိုင်းကို ဒုက္ခသည်စုစုပေါင်း ၁၁၆ ဦး ရောက်ရှိလာတယ်လို့ ပြောထားပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ ငတ်မွတ်ခေါင်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့်အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေကို ဦးတည်ပြီး စက်လှေတွေနဲ့ သွားနေကြတာဖြစ်ပါတယ်။
UNHCR စာရင်းတွေအရ ပြီးခဲ့တဲ့နှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာ နှစ်ထောင်ကျော် ရောက်ရှိခဲ့ပြီး အဲဒီအရေအတွက်ဟာ လွန်ခဲ့တဲ့ လေးနှစ်အတွင်း ရောက်လာတဲ့ အရေအတွက်ထက် ပိုများနေတာဖြစ်ပါတယ်။
အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ များလာတာကြောင့် ဒေသခံအများစုက ကန့်ကွက်တာတွေ၊ မောင်းထုတ်တာတွေ ရှိနေပေမဲ့ ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံပြီးကူညီပေးဖို့ အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းထားကြပါတယ်။
အင်ဒိုနီးရှားအစိုးရကလည်း ပြီးခဲ့တဲ့နှစ်ကစပြီး သူတို့နိုင်ငံကိုရောက်လာတဲ့ ရိုဟင်ဂျာအရေအတွက် သိသိသာသာများလာတာကြောင့် ဒီအရေးကိုကူညီဖြေရှင်းဖို့ နိုင်ငံတကာကို အကူအညီတောင်းခံထားပါတယ်။