မုန်တိုင်းကြောင့် ရိုဟင်ဂျာ ၁၀၀ ကျော် သေဆုံးကြောင်း စစ်ကောင်စီ ထုတ်ပြန်
2023.05.19
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ၁၀၀ ကျော် သေဆုံးခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာတွေမှာ ရိုဟင်ဂျာ ၄၀၀ ကျော်အထိ သေဆုံးတယ်လို့ မမှန်သတင်းလွှင့်နေတဲ့ မီဒီယာစာမျက်နှာတွေကို အရေးယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီက မေလ ၁၉ ရက်နေ့ မှာ သတင်းထုတ်ပြန်ပါတယ်။
မေလ ၁၇ ရက်နေ့မှာ သေဆုံးသူ ရိုဟင်ဂျာ ၂၆ ဦးနဲ့ မေလ ၁၈ ရက်နေ့မှာ ထပ်မံစာရင်းရတဲ့ ထပ်တိုးသေဆုံးသူ ၉၁ ဦး၊ စုစုပေါင်း ၁၁၇ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။
ရိုဟင်ဂျာတွေအပြင် ရခိုင်ပြည်နယ်မှာ ဒေသခံ ၂၄ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးလည်း သေဆုံးခဲ့တာကြောင့် မုန်တိုင်းကြောင့် သေဆုံးသူ ၁၄၅ ဦးထိ ရှိလာပြီလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မုန်တိုင်းမလာခင် ရခိုင်ပြည်သူလူထုကို အာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်း ပေးခဲ့ကြပြီး ဒုက္ခသည်စခန်း ၁၇ ခုက ရိုဟင်ဂျာ ၁၂၅,၇၈၉ ဦးအနက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့လိုအပ်တဲ့ ၆၃,၃၀၂ ဦးကိုလည်း ရွှေ့ပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သေဆုံးသူတွေကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ပြောင်းရွှေ့မှုအပေါ် လိုက်ပါတာမျိုးမလုပ်ဘဲ မိမိအစီအစဉ်နဲ့ နေအိမ်တွေမှာ ကျန်ရှိနေခဲ့သူတွေလို့ စစ်ကောင်စီက ပြောပါတယ်။
မုန်တိုင်းကြောင့် စစ်တွေမြို့နယ်က ရိုဟင်ဂျာဒုက္ခသည်တွေ သေဆုံးရတာဟာ လူသားမဆန်စွာ နေထိုင်ရမှု၊ အသိပညာ နည်းပါးမှုနဲ့ မုန်တိုင်းမဝင်ခင် လွတ်လပ်စွာ ကြိုတင်ရွှေ့ပြောင်းခွင့်မရတာတွေကြောင့်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက RFA ကို ပြောဆိုထားပါတယ်။
တစ်ချိန်တည်းမှာပဲ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ် ၁၈ ခုအတွက် ဗိုလ်မှူးချုပ်ကနေ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့ စစ်တပ်အရာရှိ ၁၈ ဦးကို တစ်မြို့နယ်စီ တာဝန်ပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
ဒီလုပ်ငန်းတွေကို အနီးကပ်ကြီးကြပ်ဖို့ စစ်ကောင်စီရဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့ကို တာဝန်ပေးအပ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းတချို့ ပြတ်တောက် နေပြီး ကူညီကယ်ဆယ်ရေးတွေ ရောက်မလာသေးတဲ့ ဒေသတွေ ကျန်နေသေးသလို အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေပါသေးတယ်။