ရိုဟင်ဂျာဒုက္ခသည် ၁၁ ဦး သွေးလွန်တုပ်ကွေးနဲ့ သေဆုံး
2023.09.20
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၁၁ ဦး သွေးလွန်တုပ်ကွေးရောဂါပိုးကူးစက်ခံရပြီး သေဆုံးခဲ့တယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေထဲမှာ သွေးလွန်တုပ်ကွေးရောဂါပိုး ကူးစက်ခံရသူ တစ်သောင်းတစ်ထောင်ကျော် (၁၁၁၁၆ ဦး) ရှိပြီး နှစ်ရာသုံးဆယ့်ခုနစ်ဦးကိုတော့ ကော့ဘဇားဆေးရုံကို တင်ပို့ကုသခဲ့ရတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့အထိ သွေးလွန်တုပ်ကွေး ကူးစက်ခံရသူတွေထဲက ၁၁ ဦး သေဆုံးခဲ့တာပါ။
ကူးစက်ခံရသူအရေအတွက်ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရဆေးရုံတွေမှာ တက်ရောက်ကုသမှု ခံယူရသူတွေရဲ့ စာရင်းဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပိုများနိုင်တယ်လို့ UNICEF က ဆိုပါတယ်။
ရိုဟင်ဂျာတွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ထောင့်ရှစ်ရာကျော်လည်း သွေးလွန်တုပ်ကွေး ကူးစက်ခံရပြီး အဲဒီထဲက ရှစ်ရာကျော်ဟာလည်း ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။
ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်း ၁၇ ခုမှာ သွေးလွန်တုပ်ကွေး မပြန့်ပွားအောင် အသိပညာပေးအစီအစဉ်တွေ ဆောင်ရွက်နေတယ်လို့လည်း UNICEF က ပြောပါတယ်။