ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရတဲ့ ၇ နှစ်မြောက် အထိမ်းအမှတ် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ကျင်းပ

RFA Burmese
2024.08.25
ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရတဲ့ ၇ နှစ်မြောက် အထိမ်းအမှတ် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ကျင်းပ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာတောင်းခံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ်။
REUTERS

စစ်တပ်က ဖြိုခွင်းတဲ့အတွက် ရခိုင်ပြည်နယ်ကနေ ၂၀၁၇ သြဂုတ် ၂၅ ရက်မှာ ထွက်ပြေးလာရတဲ့ ၇ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်နေ့ကို ထောင်သောင်းချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ကျင်းပကြပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်လိုက်ဖို့နဲ့ မြန်မာနိုင်ငံကို လုံခြုံစွာပြန်နိုင်ဖို့ တောင်းဆိုကြပါတယ်။

ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ကလေးကနေ လူကြီးအထိ လက်ကိုင်စာတမ်းတွေဝှေ့ယမ်းပြီး ကြွေးကြော်သံတွေ ဟစ်ကြွေးတဲ့အပြင် ရိုဟင်ဂျာ လူမျိုးတုံးဖြစ်ရပ် အောင်းမေ့ဖွယ်စာတမ်းပါ နဖူးစည်းတွေ စည်းထားကြတယ်လို့ Strait Times သတင်းမှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးနဲ့ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေပစ်မှတ်ထား တိုက်ခိုက်ခံနေရပြီး သေဆုံးနေရတာတွေကို အရေးတကြီး ကာကွယ်ပေးဖို့ တောင်းဆိုတာလို့ ပွဲကျင်းပရေးတာဝန်ခံတစ်ဦးဖြစ်သူ ဦးခင်မောင်က ပြောပါတယ်။

"အခုရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေမှာ စစ်ကောင်စီရော AA မှာရော တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာတွေကို ခုနှစ်နှစ်ကျော်အထိ မြန်မာပြည်ကို ပြန်မပို့နိုင်တာဟာ နိုင်ငံတကာက မပူးပေါင်းလို့ ဒီလိုဖြစ်နေတာ"

ရခိုင်ပြည်နယ်မှာရှိတဲ့ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေအားလုံးကို ချက်ချင်းရပ်ဆိုင်းပေးဖို့၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို တရားဝင်အခွင့်အရေးတွေနဲ့ နေရပ်ပြန်နိုင်ရေး၊ ရိုဟင်ဂျာတွေကို အခြားတိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရေးအတွက် ကုလသမဂ္ဂက ပံ့ပိုးကူညီပေးဖို့၊ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကို အရေးယူပေးဖို့နဲ့ နေရပ်ပြန်ရေးအတွက် ကုလသမဂ္ဂက ကူညီပံ့ပိုးပေးဖို့တွေကိုလည်း တောင်းဆိုပါတယ်။

ရိုဟင်ဂျာတွေကို AA က တိုက်ခိုက်ကျူးလွန်နေတာတွေကို တာဝန်ခံဖို့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက တိုက်ခိုက်နေတာမဟုတ်ဘူးလို့ RFA ကို ဖြေကြားပါတယ်။

"ကျွန်တော်တို့ အာရက္ခပြည်သူတစ်ယောက်ချင်းစီရဲ့ လုံခြုံရေးကို ဘာသာ လူမျိုးမခွဲခြားဘဲနဲ့ ကျွန်တော်တို့ အကာအကွယ်ပေးနေတာဖြစ်ပါတယ်။ AA တပ်တွေက မွတ်စလင်တွေကို တိုက်ခိုက်နေတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ မွတ်စလင်ဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းတွေက စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ရခိုင်ပြည်သူတွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ သန်းနဲ့ချီရှိခဲ့ပြီး အခုအချိန်အထိ နေရပ်မပြန်နိုင်သေးတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။