ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်မှာ ဘယ်လ်ဂျီယံနိုင်ငံပါဝင်လာ

RFA Burmese
2024.12.16
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်မှာ ဘယ်လ်ဂျီယံနိုင်ငံပါဝင်လာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များ။
Photo: AFP

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုမှာ ပါဝင်ခွင့်ပြုဖို့ ဘယ်လ်ဂျီယံနိုင်ငံက လျှောက်ထားလာကြောင်း ICJ က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တရားရုံးဥပဒေပုဒ်မ (၆၃) အရ ဘယ်လ်ဂျီယံနိုင်ငံက ဂမ်ဘီယာနိုင်ငံဘက်ကနေ ပါဝင်ခွင့်ပြုဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ လျှောက်ထားလာတာလို့ ဆိုပါတယ်။

ကွန်ဂိုနိုင်ငံကလည်း ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွဲချက်မှာ ပါဝင်ခွင့်ပြုဖို့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ လျှောက်ထားလာကြောင်း ICJ က ထုတ်ပြန်ထားပါတယ်။

အလားတူ စလိုဗေးနီးယားနိုင်ငံကလည်း ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွဲချက်မှာ ပါဝင်ခွင့်ပြုဖို့ ဒီဇင်ဘာ ၄ ရက်နေ့မှာ လျှောက်ထားလာကြောင်း ICJ က ပြောထားပါတယ်။

အရင်ကလည်း ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမဏီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ မော်လဒိုက် နိုင်ငံတွေက ပါဝင်ခွင့်ပြုဖို့လျှောက်ထားခဲ့တာကြောင့် တရားလို ဂမ်ဘီယာနိုင်ငံဘက်ကနေ ပါဝင်ခွင့်ပြုကြောင်း ICJ က ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရပြီး ထွက်ပြေးခဲ့ရတာနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေကို ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ ၂၀၁၇ ခုနှစ်က စတင်တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂက ဖွဲ့စည်းခဲ့တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကလည်း ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်လို့ တင်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ခဲ့သလို အဲဒီတင်ပြချက်ဟာ တစ်ဖက်သတ်ဆန်ပြီး အားနည်းချက်တွေရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာရှိတဲ့ ICJ တရားရုံးမှာ ငြင်းဆိုခဲ့ပါတယ်။

ဒီငြင်းဆိုချက်ကို ၂၀၂၂ ခုနှစ်မှာ ICJ က ပယ်ချခဲ့ပြီး အမှုကို ဆက်လက် ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။