ရိုဟင်ဂျာတွေကို လူကုန်ကူးမှုနဲ့ ထိုင်းအမျိုးသား သုံးဦးကို ဖမ်းဆီး
2024.11.02
ရိုဟင်ဂျာ ၂၆ ဦးကို ထိုင်းနိုင်ငံထဲ လူကုန်ကူးမှုနဲ့ ခေါင်းဆောင် တစ်ဦးအပါအဝင် ထိုင်းအမျိုးသား သုံးဦးကို ဖမ်းဆီးရမိထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာ ၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဌာနခွဲက လူကုန်ကူးအဖွဲ့ ခေါင်းဆောင်လို့ ယူဆရတဲ့ အသက် ၃ဝ အရွယ် Somkiart Samphaothong ကို နိုဝင်ဘာ ၁ ရက်နေ့က ချန်သဘူရီမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အသက် ၂ဝ အရွယ် နောက်ထပ် အမျိုးသားနှစ်ဦးကိုတော့ ဘန်ကောက်မှာ ဖမ်းဆီးခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြထားပါတယ်။
သူတို့သုံးဦးကို လန်ဆွမ်တရားရုံးက အောက်တိုဘာ ၃ဝ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ မလေးရှားကို သွားဖို့ ကုန်တင်ကားထဲ ပုန်းခိုပြီးလိုက်လာတဲ့ ရိုဟင်ဂျာ ၂၆ ဦးထဲက သုံးဦးဟာ အောက်တိုဘာ ၁၈ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ပွန်းပြည်နယ်အရောက်မှာ အသက်ရှုကျပ်သေဆုံးခဲ့ပါတယ်။ သူတို့အားလုံးကို ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံ ပို့ဆောင်ဖို့ လူကုန်ကူးအဖွဲ့က စီစဉ်ထားခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။
အဲဒီလူကုန်ကူးမှုကို ခေါင်းဆောင်တဲ့ ထိုင်းအမျိုးသား Somkiart ပြောဆိုချက်အရ သူတို့ဟာ ရိုဟင်ဂျာတစ်ဦးကို ဘတ် သုံးထောင်နဲ့ ထိုင်းနိုင်ငံထဲ ခေါ်သွင်းခဲ့တာဖြစ်ပါတယ်။
အဲဒီကားပေါ်မှာ လိုက်ပါလာတဲ့ ရိုဟင်ဂျာ အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ငါးဦးဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။
သူတို့ကို ခေါ်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်း နှစ်ဦးကိုလည်း လူကုန်ကူးမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲထားပါတယ်။