ရိုဟင်ဂျာတွေကို ဖမ်းဆီးတာရပ်တန့်ဖို့ အိန္ဒိယအစိုးရကို CERD တောင်းဆို
2024.07.03
မြန်မာနိုင်ငံကနေ အိန္ဒိယကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးချုပ်နှောင်တာရပ်တန့်ပြီး မြန်မာနိုင်ငံကို အဓမ္မပြန်ပို့တာတွေမလုပ်ဖို့ ကုလသမဂ္ဂ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးကော်မတီ (CERD) က အိန္ဒိယအစိုးရကို ဇူလိုင် ၂ ရက်နေ့မှာ တောင်းဆိုပါတယ်။
ရိုဟင်ဂျာတွေအပေါ် ထိခိုက်စေတဲ့ လူမျိုးရေးခွဲခြားတဲ့ အမုန်းစကားတွေပျံ့နှံ့နေတဲ့ သတင်းတွေကလည်း CERD ကို စိုးရိမ်ပူပန်စေတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေသူတွေထဲမှာ နိုင်ငံရေးသမားတွေနဲ့ အထင်ကရပုဂ္ဂိုလ်တွေလည်း ပါဝင်နေတယ်လို့ CERD က ဖော်ပြပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ ဒီလိုလုပ်ရပ်တွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဖို့လည်း CERD က တိုက်တွန်းပါတယ်။
လက်ရှိအခြေအနေဟာ ပဋိပက္ခတွေဖြစ်ပွားတဲ့အထိ မြင့်တက်လာနိုင်တာကို ပြန်လည်သုံးသပ်ဖို့အတွက် ကြိုတင်သတိပေး တိုက်တွန်းတာလို့လည်း ဆိုပါတယ်။
ဒါ့အပြင် လူမျိုးရေးခွဲခြားမှုပုံစံအားလုံးတိုက်ဖျက်ရေး နိုင်ငံတကာသဘောတူညီချက်အောက်မှာ လူအခွင့်အရေးချိုးဖောက်မှုတွေကို သင့်လျော်တဲ့တားဆီးမှုတွေ လုပ်နိုင်ဖို့လည်း ရည်ရွယ်တယ်လို့ CERD က ဖော်ပြပါတယ်။
ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးချုပ်နှောင်မှုနဲ့ တချို့ဖြစ်ရပ်တွေမှာ ဥပဒေအရဆောင်ရွက်မှု ဒါမှမဟုတ် ရှေ့နေငှားရမ်းခွင့်မရှိတဲ့ အခြေအနေတွေအပေါ် ကို စိုးရိမ်ကြောင်း CERD က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အိန္ဒိယနိုင်ငံလာရောက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးတာ အပါအဝင် သူနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့လည်း CERD က တိုက်တွန်းထားပါတယ်။