ရိုဟင်ဂျာ၂၄ ဦး အမေရိကန်မှာအခြေချဖို့ စတင်ထွက်ခွာ

RFA Burmese
2022.12.08
Share on WhatsApp
Share on WhatsApp
ရိုဟင်ဂျာ၂၄ ဦး အမေရိကန်မှာအခြေချဖို့ စတင်ထွက်ခွာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားက ကူတူပါလောင်ဒုက္ခသည်စခန်းတွင် ကလေးငယ်များအပါအဝင် လူ့အခွင့်အရေးအတွက် ဆန္ဒထုတ်ဖော်နေကြသည့် ရိုဟင်ဂျာများ။
Photo:Reuters

ရိုဟင်ဂျာ ၂၄ ဦး အမေရိကန်နိုင်ငံကို ကြာသပတေးနေ့က ထွက်ခွာသွားပြီလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန နေရပ်ပြန်ပို့ရေးရုံးအရာရှိက ပြောပါတယ်။ ဒီလူတွေဟာ အမေရိကန်မှာ အခြေချဖို့ ရွေးချယ်ထားတဲ့ မြန်မာနိုင်ငံက နေရပ်စွန့်ခွာထွက်ပြေးလာသူ ရိုဟင်ဂျာ ၆၂ ဦးထဲမှာပါဝင်သူတွေ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို လက်ခံဖို့ အမေရိကန်က စီစဉ်နေတာကို အမေရိကန်အစိုးရအရာရှိတွေက အတည်ပြုပေမယ့် အခုပထမအသုတ် ထွက်ခွာသူတွေဟာ ဒုက္ခသည်စခန်းတွေကလားဆိုတာကိုတော့ မပြောပါဘူး။

အခု ၂၄ ဦး စတင်ထွက်ခွာသွားတာဖြစ်ပြီးနောက် နောက်ထပ် ရိုဟင်ဂျာတွေကို ရွှေ့ပြောင်းပေးဖို့ ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိက RFA လက်အောက်ခံ Benar သတင်းဌာနကို ပြောပါတယ်။

ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးကော်မရှင်နာရုံးက Mizanur Rahman က အမေရိကန်မှာ အခြေချခွင့်ရထားသူ ၆၂ ဦးဟာ ကော့စ်ဘဇားဒုက္ခသည်စခန်း ဒါမှမဟုတ် ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်ချာကျွန်းက လူတွေဖြစ်တယ်လို့ ပြောပါတယ်။

သူတို့တွေပြောင်းရွှေ့ရေးကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR က ကြီးကြပ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်နဲ့ အမေရိကန်အစိုရ ဒုက္ခသည်ပြန်လည်နေရာချထားရေးဆိုင်ရာ အတွင်းဝန်ဂျူလီယက်တာဘောလ်စ်နိုရယ်တို့ ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ဆုံပြီးနောက် တစ်နှစ်ကို ရိုဟင်ဂျာ ၃ဝဝ ကနေ ၈၀၀ အထိ အမေရိကန်က လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မျှော်လင့်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၂၀၁၇ ခုနှစ်ကတည်းက မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ တစ်သန်းကျော်လောက်ကို လက်ခံထားရတာဖြစ်ပြီး၊ ဒီအထဲက အနည်းဆုံး ရိုဟင်ဂျာ တစ်သိန်းလောက်ကိုလက်ခံဖို့ အမေရိကန်အစိုးရကို တောင်းဆိုထားတယ်လို့ ဝန်ကြီးအဗ္ဗဒူမိုမန်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။