ရိုဟင်ဂျာတွေ အရေးပေါ် အကူအညီလိုအပ်နေကြောင်း AI ထုတ်ပြန်
2024.10.24
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထပ်မံရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ နိုင်ငံတကာရဲ့ ထောက်ပံ့မှုနဲ့ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က အောက်တိုဘာ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲအရှိန် မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံက ရိုဟင်ဂျာမိသားစုဝင်တွေ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ သက်သေအထောက်အထားတွေ တွေ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ပြည်တွင်းမှာ နေရပ်စွန့်ခွာ နေထိုင်နေရသလို သောင်းနဲ့ချီပြီး နယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးတာနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံဖို့အတွက် နယ်စပ်ဖြတ်ကျော်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ ဖော်ပြပါတယ်။
လက်ရှိအချိန်မှာ ရိုဟင်ဂျာတွေဟာ AA နဲ့ မြန်မာစစ်တပ်နှစ်ဖက်လုံးရဲ့ ဖိနှိပ်ညှဉ်းပန်းမှုကို ရင်ဆိုင်နေရတယ်လို့ AI ရဲ့ အထွေထွေအတွင်းရေးမှူး Agnes Callamard က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
တစ်ချိန်တည်းမှာပဲ အကြမ်းဖက်မှုတွေက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နယ်စပ် အာဏာပိုင်တွေက နေရပ်ပြန်ကြဖို့ ဖိအားပေးနေပြီ ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာကျတယ်လို့ ဆိုပါတယ်။
ဒီအပြင် စစ်ကောင်စီတပ်နဲ့ AA တို့ကလည်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ ဖော်ပြပါတယ်။
AI ရဲ့ အခုထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ AA နဲ့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။
AA နဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကို လိုက်နာဖို့လိုအပ်ပြီး ကုလလုံခြုံရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC ) ကို လွှဲပြောင်းပေးဖို့ ဆက်လက် တောင်းဆိုတယ်လို့လည်း Agnes Callamard က ထုတ်ပြန်ချက်ထဲမှာ ပြောကြားပါတယ်။