မြန်မာစစ်တပ်ကို အရေးယူနိုင်ရေး ဝိုင်းလုပ်ဆောင်ကြဖို့ ကုလမဟာမင်းကြီး တိုက်တွန်း
2023.08.24

ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတိုင်းရင်းသားတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်ကို အရေးယူနိုင်ရေး နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဝိုင်းဝန်းထောက်ခံပေးကြဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က တောင်းဆိုလိုက်ပါတယ်။
ရိုဟင်ဂျာတွေ ဖိနှိပ်သတ်ဖြတ်ခံရတာတွေအပြင် လတ်တလော နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့ ထိထိရောက်ရောက် အခုထက်မကပိုလုပ်ဖို့လိုတယ်လို့လည်း သူကပြောပါတယ်။
ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်တာ ခြောက်နှစ်ပြည့်တဲ့ ဒီကနေ့မှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ကြေညာချက်ထုတ်ပြန်တောင်းဆိုတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေ လွတ်လွတ်လပ်လပ် နေရပ်ပြန်ရဖို့၊ တခြားလူမျိုးစုတွေလိုပဲ လူမျိုးစုအဖြစ် အသိအမှတ်ပြုခံရဖို့၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေး အပြည့်အဝရဖို့ လိုလားကြောင်း မဟာမင်းကြီးက ပြောပါတယ်။
လွန်ခဲ့တဲ့ ခြောက်နှစ်က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် မွေးကင်းစ ကလေးငယ်တွေအပါအဝင် လူပေါင်း တစ်သောင်းလောက် သတ်ဖြတ်ခံခဲ့ရပြီး၊ လူပေါင်း ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတယ်လို့ ကုလမဟာမင်းကြီးရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။