ရိုဟင်ဂျာတွေကို အမြန်ဆုံးနေရာချပေးဖို့ တတိယနိုင်ငံတွေကို ဘင်္ဂလားဒေ့ရှ်တောင်းဆို

RFA Burmese
2024.09.09
ရိုဟင်ဂျာတွေကို အမြန်ဆုံးနေရာချပေးဖို့ တတိယနိုင်ငံတွေကို ဘင်္ဂလားဒေ့ရှ်တောင်းဆို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များမှ လူမျိုးတုံးသတ်ဖြတ်မှု (၆) နှစ်မြောက်နေ့ အထိမ်းအမှတ်အား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က ကျင်းပစဉ်။
AFP Photo

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြင်းထန်လာနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထပ်မံဝင်ရောက်လာတာကြောင့် တောင်အာရှနိုင်ငံတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို တတိယနိုင်ငံတွေမှာ အမြန်ဆုံးနေရာချထားပေးဖို့ ဘင်္ဂလားဒေ့ရှ်က တောင်းဆိုလိုက်ကြောင်း The Straits Times သတင်းမှာ ဒီနေ့ဖော်ပြထားပါတယ်။

ပြန်လည်နေရာချထားရေး ကြိုးပမ်းအားထုတ်မှုတွေကို အရှိန်မြှင့်ဖို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူ များအဖွဲ့ (IOM) နဲ့ စက်တင်ဘာ ၈ ရက်နေ့က တွေ့ဆုံချိန်မှာ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ ခေါင်းဆောင်နိုဘယ် ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ်က တောင်းဆိုလိုက်တာပါ။ နေရာချထားရေး လုပ်ငန်းစဥ်တွေဟာ ပုံမှန်ထက် လွယ်ကူချောမွေ့သင့်တယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဒီလပိုင်းအတွင်း ရိုဟင်ဂျာမွတ်စလင် ရှစ်ထောင်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ်က စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ဟာ ကော့ဘဇားခရိုင်က စခန်းတွေမှာ နေထိုင်ကြရတာပါ။ လတ်တလောဖြစ်ပါ်နေတဲ့ အကြမ်းဖက်မှုတွေဟာ ၂၀၁၇ ခုနှစ်က မြန်မာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး နောက်ပိုင်းမှာ ရိုဟင်ဂျာတွေ ကြုံတွေ့ရတဲ့ အဆိုးရွားဆုံး အခြေအနေ ဖြစ်တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရိုဟင်ဂျာ ထောင်ပေါင်းများစွာ နေရာချထားရေး ကတိကဝတ်ကို ဝါရှင်တန်က ထပ်မံအတည်ပြုခဲ့ပေမယ့် လုပ်ငန်းအကောင်အထည်ဖော်တာ နှေးကွေးနေဆဲပဲလို့ သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။