ပေါက်တောက ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ဝမ်းရောဂါဖြစ်ပြီး သေဆုံးမှုရှိနေ
2024.09.18
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က အနောက်ရဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ စက်တင်ဘာ လဆန်းပိုင်းက စတင်ပြီး စက်တင်ဘာလ ၁၈ ရက် ဒီနေ့အထိ ဝမ်းရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူငါးဆယ်ကျော် ရောဂါကူးစက်ခံထားရတယ်လို့ အဲဒီစခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်တွေက ပြောပါတယ်။
ဝမ်းရောဂါ ကူးစက်ခံထားရသူတွေဟာ ကလေးငယ်က လူကြီးပိုင်းအထိ အသက်အရွယ်အစုံ ပါဝင်တယ်လို့ ဆိုပါတယ်။
အိမ်သုံးဆေးဝါးရှားပါးပြီး စျေးကြီးလွန်းတာကြောင့် ဆေးဝါးမဝယ်နိုင်တဲ့သူတွေလည်း ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“ဆေးဆိုတာ ဒီမှာ စျေးအမြင့်ဆုံးနဲ့ အရှားပါးဆုံးပစ္စည်းလို ဖြစ်နေတယ်။ ဓာတ်ဆားတစ်ထုပ်ကို ၂၀၀၀ ရောင်းနေကြလို့ ဓာတ်ဆားတစ်ထုပ်တောင် ကလေးတွေကို ဝယ်မတိုက်နိုင်တဲ့ လူတွေအများကြီး ရှိပါတယ်”
အဲဒီစခန်းမှာ ဒုက္ခသည် ငါးထောင်ခန့် နေထိုင်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လစဉ်ထောက်ပံ့မှု မရတာ အချိန်ကိုးလခန့် ရှိလာပြီလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ကုန်းလမ်း၊ ရေလမ်း စတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ဖြတ်တောက်ခံထားရပြီး အခြေခံစားကုန်၊ ဆေးဝါးနဲ့ လောင်စာဆီတွေ ရှားပါနေသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။