ပေါက်တောမှာ ရိုဟင်ဂျာ ခုနစ်ဆယ်ခန့် ဝမ်းရောဂါဖြစ်နေပြီး နှစ်ဦးသေဆုံး
2024.09.24
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အနောက်ရဲ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ လူခုနစ်ဆယ်ခန့် ဝမ်းရောဂါကူးစက်ခံထားရပြီး အဲဒီအထဲက နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒုက္ခသည်တွေက စက်တင်ဘာ ၂၄ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
စက်တင်ဘာ လဆန်းပိုင်းကစလို့ ဝမ်းရောဂါကူးစက်မှုတွေ ရှိနေတာဖြစ်ပြီး အသက် ၅ နှစ်နဲ့ ၂၃ နှစ်အရွယ် မိန်းကလေးနှစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
လက်ရှိ ဝမ်းရောဂါ ကူးစက်ခံထားရသူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ပိုများပြီး ကုသဖို့ ဆေးဝါးမရှိလို့ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“အခုစခန်းမှာ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တာ အတော်များလာတယ်။ အခုဆိုရင် ခုနစ်ဆယ်ကျော်အထိ ရှိသွားပြီ။ သေဆုံးတာကလည်း နှစ်ယောက်ရှိတယ်။ ကုသဖို့လည်း ဆေးမရှိဘူး။ အတော်စိုးရိမ်စရာ ကောင်းနေပါတယ်”
ပေါက်တောမြို့ အနောက်ရဲ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၁၂၅၀ ကျော်နဲ့ လူဦးရေ ငါးထောင်ကျော် ခိုလှုံနေတာပါ။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) အပါအဝင် နိုင်ငံတကာ အဖွဲ့တွေရဲ့ အကူအညီတွေလည်း မရတော့တာကြောင့် စားရေး၊ သောက်ရေးလည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတကာ အဖွဲ့တွေအနေနဲ့ ဆေးဝါးကုသမှုတွေ၊ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ အမြန်ဆုံး အကူအညီပေးဖို့ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း အနောက်ရဲ ဒုက္ခသည်စခန်းမှာ ဝမ်းရောဂါကြောင့် ကလေး ၁၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ ကုန်သွယ်ရေးလမ်းကြောင်းအားလုံး ပိတ်ခံထားရကြောင့် ဆေးဝါးနဲ့ ကုန်စည်ပြတ်လပ်မှုတွေ ကြုံတွေ့နေရပါတယ်။