ရိုဟင်ဂျာပြန်လက်ခံရေး ကြန့်ကြာနေမှု ဘင်္ဂလားဒေ့ရှ်ကို စစ်ကောင်စီအပြစ်ပုံချ
ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေးကိစ္စမှာ မြန်မာနိုင်ငံဘက်က အဆင်သင့်ဖြစ်နေပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က ပျက်ကွက်နေတာလို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါးနေပြီလို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပြောဆိုထားပေမဲ့ စစ်ကောင်စီ နိုင်ငံခြားရေး တာဝန်ရှိသူတစ်ဦးကတော့… မြန်မာနိုင်ငံဘက်က ထွက်ပြေးသွားတဲ့သူ ငါးသိန်းကျော်ပဲရှိတယ်လို့ ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။
ဒါကြောင့် ကျန်တဲ့သူတွေဟာ အမှန်တကယ် မြန်မာနိုင်ငံက ဟုတ်၊မဟုတ် သေသေချာချာ စိစစ်ပြီးမှ လက်ခံနိုင်မယ်လို့ ဆိုပါတယ်။ တကယ်လို့ ထွက်ပြေးသွားပြီးမှ ဘင်္ဂလားဒေ့ရှ်မှာ မွေးဖွားတဲ့ကလေးဖြစ်မယ်ဆိုရင် အဲဒီကလေးမိဘတွေ မြန်မာနိုင်ငံသားဖြစ်တယ်ဆိုတဲ့ အထောက်အထားကို ဘင်္ဂလားဒေ့ရှ်တရားရုံးဘက်က ထောက်ခံချက်ပြဖို့ လိုတယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကလည်း နေရပ်ပြန်ခေါ်ရေးကိစ္စမှာ မြန်မာဘက်က ကြန့်ကြာနေတာလို့ အပြန်အလှန် အပြစ်တင်ထားပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ လုံခြုံလွတ်လပ်ပြီး ဘဝအာမခံချက် ရှိတဲ့အခြေအနေ ရောက်မှသာ ရိုဟင်ဂျာတွေ နေရပ်ပြန်သင့်တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီနိုင်ငံခြားရေးတာဝန်ရှိသူနဲ့ မြန်မာ့အလင်းသတင်းစာ မေးမြန်းခန်းမှာတော့… နေရပ်ပြန်လာသူတွေကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုမပြုဆိုတဲ့အချက်နဲ့၊ လုံခြုံလွတ်လပ်မှုရှိဖို့ ဘယ်လိုဆောင်ရွက်ပေးမလဲ ဆိုတာတွေကိုတော့ ပြောဆိုထားတာ မရှိပါဘူး။ “ရိုဟင်ဂျာ” လို့လည်း သုံးနှုန်းထားတာမရှိပါဘူး။
ဒီအတောအတွင်းမှာပဲ ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်မယ့် စစ်ကောင်စီရဲ့ ရှေ့ပြေးစီမံကိန်းမှာ ကုလသမဂ္ဂဘက်က ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထားတချို့ကို လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Myanmar Accountability Project) က ဖော်ထုတ်လိုက်ပါတယ်။ ကုလသမဂ္ဂ ဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ပြောဆိုတာ မရှိသေးပါဘူး။