ရိုဟင်ဂျာတွေပြန်လက်ခံမယ့် အစီအစဉ် ဟန်ပြသာဖြစ်ကြောင်း AA ပြော
2023.02.27

မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံမယ့် စစ်ကောင်စီရဲ့အစီအစဉ်ဟာ နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ ဟန်ပြလုပ်တာလို့ ရက္ခိုင့်တပ်တော် (AA) က ပြောလိုက်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အွန်လိုင်းကနေပြုလုပ်တဲ့ AA ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ AA ပြောခွင့်ရသူ ဦးခိုင်သုခက အခုလို ထည့်သွင်းပြောခဲ့တာပါ။
“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တည်ငြိမ်မှုမရှိဘူး။ လုံခြုံရေးအရလည်း စိတ်မချ ရသေးတဲ့ အခြေအနေမှာ အခုလို လက်ခံဖို့ လုပ်ပြနေတာက စစ်ကောင်စီဘက်က နိုင်ငံရေးနောက်ခံ စဉ်းစားချက်တွေ အများကြီးပါနိုင်တယ်လို့ ကျနော်တို့ သုံးသပ်တယ်။ လက်ရှိ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုမှုရရှိဖို့အတွက် ဟန်ပြလုပ်ဆောင်တဲ့ ခြေလှမ်းတစ်ခုလို့ပဲ ကျနော်တို့မြင်တယ်”
စစ်ကောင်စီဟာ ရိုဟင်ဂျာတစ်ထောင်ကျော်ကို စတင်လက်ခံနိုင်ဖို့ ပြင်ဆင်ဆောင်ရွက် နေတယ်လို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မြန်မာအလင်းသတင်းစာမှာ ဖော်ပြခဲ့တာပါ။
၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေကလည်း ရိုဟင်ဂျာတွေ ပြန်လည်လက်ခံဖို့ဆိုပြီး နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့ဖူးပေမယ့် အဲဒီအချိန်ကတော့ ပြန်လာသူ တစ်ဦးမှမရှိခဲ့ပါဘူး။
အခုတစ်ကြိမ်မှာတော့ ပြန်လည်လက်ခံရေး ချောမွေ့ဖို့အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီဘက်က ရေးသားထားပါတယ်။
ရိုဟင်ဂျာတွေအတွက် ပြန်လည်လက်ခံရေးစခန်းတွေနဲ့ ကြားစခန်းတွေ ပြင်ဆင်ထားပြီး အဲဒီနေရာတွေမှာ အသက်မွေးဝမ်းကျောင်း ကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အခြေခံလိုအပ်ချက်တွေကို ဆောင်ရွက်နေပြီလို့လည်း စစ်ကောင်စီက သတင်းစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာတွေကတော့ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်၊ လုံခြုံရေး အပြည့်အဝနဲ့ မူလနေရာမှာ ပြန်ထားမယ်ဆိုမှသာ နေရပ်ကိုပြန်လာမယ်လို့ RFA ကို ဖြေဆိုထားကြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ၁.၂ သန်းကျော်ရှိပါတယ်။