RSF စာနယ်ဇင်းလွတ်လပ်ခွင့်ဆု အဆိုပြုစာရင်းထုတ်ပြန်
![RSF စာနယ်ဇင်းလွတ်လပ်ခွင့်ဆု အဆိုပြုစာရင်းထုတ်ပြန် RSF စာနယ်ဇင်းလွတ်လပ်ခွင့်ဆု အဆိုပြုစာရင်းထုတ်ပြန်](https://burdev.rfaweb.org/burmese/news/rsf-reporter-press-freedom-11142022182852.html/@@images/3bc7d031-768f-47e7-bd77-57c27b5330ee.jpeg)
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ အကြိမ် ၃၀ မြောက် နှစ်ပတ်လည်စာနယ်ဇင်းလွတ်လပ်ခွင့်ဆုအတွက် ကမ္ဘာတစ်ဝန်းက အဆိုပြုခံရသူ သတင်းထောက် ၁၅ ဦးနဲ့ သတင်းမီဒီယာတွေ စာရင်းကို RSF က နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီစာရင်းမှာ စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ ကမာရွတ်မီဒီယာ သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးဟံသာညိန်းလည်း ပါဝင်ပါတယ်။
ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာသမားတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖမ်းဆီးခဲ့ရာမှာ ပထမဆုံး ဖမ်းဆီးခံရသူတွေထဲမှာ ပါဝင်ပါတယ်။ သူဟာ အခုချိန်အထိ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း RSF က ဖော်ပြပါတယ်။
အခုလို ဒီဂျစ်တယ်သတင်းနည်းပညာခေတ်မှာ စာနယ်ဇင်းတွေအတွက် စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရပေမဲ့ စိတ်ဓာတ်ခွန်အား၊ လွတ်လပ်ခွင့်နဲ့ သတ္တိတွေကြောင့် ကမ္ဘာ့စာနယ်ဇင်းလောက ဆက်လက်ရှင်နေဆဲဖြစ်ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Christophe Deloire က ပြောပါတယ်။
RSF ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ဆုပေးပွဲအခမ်းအနားကို လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပမှာဖြစ်ပြီး ဆုအဖြစ် စာနယ်ဇင်းသတ္တိဆု၊ သတင်းထိရောက်မှု ဩဇာဆု၊ သတင်းလွတ်လပ်ခွင့်ဆုတွေကို ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က စာနယ်ဇင်းလွတ်လပ်ခွင့်ဆု ပေးအပ်ချီးမြှင့်လာခဲ့တာ အနှစ် ၃၀ ရှိပြီဖြစ်ပါတယ်။