ရုရှားကမှာယူထားတဲ့ Su-30 တိုက်လေယာဉ်ခြောက်စင်းလုံး စစ်ကောင်စီရရှိ

RFA Burmese
2025.01.06
ရုရှားကမှာယူထားတဲ့ Su-30 တိုက်လေယာဉ်ခြောက်စင်းလုံး စစ်ကောင်စီရရှိ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပသည့် လေတပ် ၇၅ နှစ်ပြည့် အခမ်းအနား တက်ရောက်လာသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: Myanmar Military

မြန်မာနိုင်ငံက မှာယူထားတဲ့ ရုရှားနိုင်ငံထုတ် Su-30 SME တိုက်လေယာဉ်ခြောက်စင်းလုံး မြန်မာနိုင်ငံကို ပေးပို့ပြီးဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group က ဇန်နဝါရီ ၆ ရက်နေ့မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံက မှာယူထားတဲ့ Su-30 SME တိုက်လေယာဉ်ခြောက်စင်းထဲက နောက်ဆုံးကျန်ရှိတဲ့‌ တိုက်လေယာဉ်နှစ်စင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က လွှဲပေးလိုက်တာလို့ ဆိုပါတယ်။ ပထမဆုံး တိုက်လေယာဉ်နှစ်စင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

SU-30 ဂျက်တိုက်လေယာဉ် ခြောက်စင်းဟာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ လောက် တန်ဖိုးရှိပြီး ၂၀၁၈ ခုနှစ်က ရုရှားကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ချိန်မှာ ခြောက်စင်းဝယ်ယူရောင်းချမှုကို သဘောတူခဲ့တာပါ။

မြန်မာနိုင်ငံကို လေ့လာစောင့်ကြည့်နေတဲ့ Myanmar Witness အဖွဲ့ကတော့ Su-30 ဟာ မြန်မာ စစ်တပ်က ပုံမှန်အသုံးပြုနေတဲ့ Yak 130 ထက် ပစ်ခတ်နိုင်မှုနဲ့ လူတွေကို သေစေနိုင်တဲ့ စွမ်းရည် နှစ်ဆပိုမြင့်တယ်လို့ RFA ကို ပြောထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်ခဲ့တဲ့အပြင် တိုက်ပွဲမရှိတဲ့နေရာတွေမှာလည်း အရပ်သားတွေ နေထိုင်တဲ့နေရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အများအပြားလုပ်ခဲ့ပါတယ်။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။