နယ်ပယ်စုံမှာ ရုရှားနဲ့ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ စစ်ကောင်စီကြိုးပမ်း
2023.09.14
မြန်မာနဲ့ ရုရှားနိုင်ငံကြား နယ်ပယ်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်တာတွေ တိုးတက်လာဖို့ ဘုံသဘောတူညီချက်တွေ ရှာနိုင်မယ်လို့ မျှော်လင့်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့ကိုရောက်နေတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဘရော့ဗ်နဲ့ စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ဆုံဆွေးနွေးရာမှာ ပြောခဲ့တာလို့ ရုရှားအခြေစိုက် TASS သတင်းဌာနက ဖော်ပြပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဘရော့ဗ်ကလည်း ရုရှားနဲ့ မြန်မာနိုင်ငံကြား နှစ်နိုင်ငံဆက်ဆံရေး ခိုင်မြဲနေမယ်လို့ ယုံကြည်ကြောင်း ပြောခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ နိုင်ငံရေးအရဆွေးနွေးတာတွေ တိုးတက်အောင် ဆက်လုပ်သွားမယ်လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲအပြီးမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက လက်ရှိအချိန်ဟာ ရုရှားနဲ့ မြန်မာနိုင်ငံဆက်ဆံရေး အကောင်းဆုံး တည်ဆောက်နိုင်တဲ့ ကာလဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ရုရှားနဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်မှု၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ပညာရေး ကဏ္ဍတွေမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ရုရှားနိုင်ငံက ပြောထားပါတယ်။
ဦးသန်းဆွေအပြင် စစ်ကောင်စီ ဝန်ကြီးအတော်များများ ရုရှားနိုင်ငံကို ဒီရက်ပိုင်းမှာရောက်နေပြီး ဗလာဒီဘော့စတော့ခ်မြို့မှာ ကျင်းပနေတဲ့ အရှေ့စီးပွားရေးဖိုရမ်ကို တက်နေတာပါ။ ဒါ့အပြင် နှစ်နိုင်ငံသဘောတူစာချုပ်တွေကိုလည်း ဒီရက်ပိုင်းအတွင်း ရေးထိုးသွားဖို့ရှိတယ်လို့ စစ်ကောင်စီ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောထားပါတယ်။
စစ်ကောင်စီကြိုးပမ်းနေတဲ့ကိစ္စတွေထဲမှာ ရေနံရောင်းဝယ်ရေးမှာ မြန်မာကျပ်ငွေ၊ ရုရှားရူဘယ်ငွေတို့နဲ့ တိုက်ရိုက်ပေးချေနိုင်အောင် နှစ်နိုင်ငံသဘောတူညီချက်ရဖို့လည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဩဂုတ်လကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဘရော့ဗ် မြန်မာနိုင်ငံကိုရောက်လာပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ချိန်မှာ ရုရှားနိုင်ငံဟာ စစ်ရေးကိစ္စတွေကို မပြောခဲ့ဘဲ နိုင်ငံရေးကိစ္စတွေကိုသာ အဓိကထားပြောဆိုခဲ့တယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ နှစ်နိုင်ငံကြားဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ ကောင်စစ်ဝန်ရုံးတွေ အပြန်အလှန် တိုးချဲ့ဖွင့်လှစ်ဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားနဲ့ မြန်မာနိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာကိုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာတင် လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတွေကြားမှာ ဝေဖန်မှုတွေနဲ့ ပိတ်ဆို့အရေးယူတာတွေ ခံနေရတဲ့ နိုင်ငံအချင်းချင်း ပူးပေါင်းကြတာလို့ နိုင်ငံရေးလေ့လာသူတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။