နျူကလီးယားစက်ရုံတည်ဆောက်ရေး စစ်ကောင်စီနဲ့ ရုရှား နောက်ထပ်ခြေတစ်လှမ်းစ

ရုရှားနိုင်ငံကနည်းပညာနဲ့ မြန်မာနိုင်ငံအတွင်းမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ အာဏာသိမ်း စစ်ကောင်စီနဲ့ ရုရှားအစိုးရပိုင် Rosatom အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းကြား နောက်ထပ်ခြေတစ်လှမ်း စတင်လိုက်ပါတယ်။
နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေအလားအလာ ပူးပေါင်းလေ့လာကြဖို့ နားလည်မှုစာချွန်လွှာတစ်ရပ်ကို ကုမ္ပဏီနဲ့ စစ်ကောင်စီတို့ကြား နိုဝင်ဘာ ၂၂ ရက် မနေ့က လက်မှတ်ရေးထိုးလိုက်ကြောင်း Rosatom ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရုားခရီးစဉ်အတွင်း နျူကလီးယားစက်ရုံဆောက်ဖို့ အဲဒီကုမ္ပဏီနဲ့ ဆွေးနွေးခဲ့ပြီးနောက် အခုလေးလလောက်အကြာမှာတော့ လေ့လာရေးတွေစကြဖို့ လက်မှတ်ထိုးလိုက်တာပါ။

ဒီသဘောတူညီချက်အရ အသေးစားဓာတ်ပေါင်းဖိုတည်ဆောက်ရေး စီမံကိန်းအတွက် အခြေခံမူဘောင်တွေကို နှစ်နိုင်ငံ ပူးတွဲဖော်ဆောင်ကြမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ လက်ရှိကျင်းပနေတဲ့ ၁၂ ကြိမ်မြောက် နျူကလီးယားနည်းပညာဆိုင်ရာဖိုရမ်ကို စစ်ကောင်စီခန့် လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်၊ နည်းပညာဝန်ကြီး ဒေါက်တာမိုးသိန်းကျော်နဲ့အဖွဲ့ တက်ရောက်နေတယ်လို့ စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ပါတယ်။
သူတို့အဖွဲ့ဟာ Rosatom ကုမ္ပဏီ ဥက္ကဋ္ဌ အလက်ဆီလီကာချော့နဲ့ သီးခြားတွေ့ဆုံပြီး သဘောတူလက်မှတ်ထိုးခဲ့တာလို့ ဆိုပါတယ်။ အနောက်နိုင်ငံတော်တော်များများရဲ့ ထောက်ခံမှုမရတဲ့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ရုရှားနဲ့ ဆက်ဆံရေး ပိုနီးကပ်လာတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ “အနောက်နိုင်ငံတွေနဲ့ သိပ်ပြီးအဆင်မပြေတဲ့ နိုင်ငံတွေဟာ ကိုယ်ကိုတိုင်က အဏုမြူရှိမှ သူများက လေးစားမယ် ခန့်ညားမယ်လို့ တွက်ပုံရတယ်" လို့ ဝေဖန်ပါတယ်။
ကုန်ကျစရိတ် အင်မတန်များပြီး အန္တရာယ်ကြီးတဲ့ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ဆုံးဖြတ်တာဟာ ပြည်သူ့မျက်နှာကို မကြည့်ဘဲ စစ်ကောင်စီရဲ့ ကိုယ်ကျိုးကြည့်တဲ့လုပ်ရပ်လို့လည်း သူက ဝေဖန်ပါတယ်။
စစ်ကောင်စီကတော့ နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သိပ္ပံသုတေသန၊ ဆေးဝါးထုတ်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် အသုံးပြုမှာလို့ သတင်းထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ရုရှားနဲ့ပေါင်းပြီး နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့လုပ်နေတဲ့ မြန်မာစစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မျက်ခြည် မပြတ်စောင့်ကြည့်ဖို့ ကုလသမဂ္ဂအစည်းအဝေးအတွင်း တိုက်တွန်းပြောခဲ့ဖူးပါတယ်။
မြန်မာစစ်တပ်ဟာ အရင်စစ်အစိုးရအဆက်ဆက်ကတည်းက နျူကလီးယား လက်နက်ပိုင်ဆိုင်ဖို့ ကြိုးပမ်းလာတာ ဒီကနေ့အထိပဲလို့လည်း ပြည်တွင်းပြည်ပ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ တက်လာပြီးနောက် ၂ဝ၁၆ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေးစာချုပ်နဲ့ နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေး စာချုပ်တွေကို လက်မှတ်ရေးထိုးထားပါတယ်။