ဘုတလင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်ကျော် ဖမ်းမိကြောင်း SAF ထုတ်ပြန်
2024.10.02
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force-SAF) က အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က ဘုတလင်မြို့နယ် ကူတော်ရွာမှာရှိတဲ့ စစ်ကောင်စီအခြေချစခန်းကနေ ထွက်လာတဲ့စစ်ကြောင်းကို မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝ ကျော် သေဆုံးပြီး သုံ့ပန်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေလည်း သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်သုံ့ပန်းတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူး ဥက္ကာက RFA ကို ပြောပါတယ်။
"တိုက်ပွဲမှာတော့ အကျအဆုံးကတော့ အလောင်းကောက်နိုင်တာ ၃၂ လောင်းရှိပြီးတော့ ဖမ်းမိတဲ့ သုံ့ပန်းအရေအတွက်ကတော့ ၄၂ ယောက်ရှိပါတယ်၊ သူတို့ကို လက်ရှိမှာတော့ NUG လက်အောက်ခံအဖွဲ့တွေနဲ့ ဒေသခံတွေထဲက ပူးပေါင်းပါဝင်တဲ့ ပကဖအဖွဲ့တွေ အားလုံးနဲ့ညှိပြီး ဂျီနီဗာကွန်ဗန်းရှင်းနဲ့အညီ သေချာထိန်းသိမ်းထားပါတယ်"
အဲဒီတိုက်ပွဲမှာ မဟာမိတ်ပူးပေါင်းစစ်ကြောင်းဘက်က လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ ဘုတလင်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ သေဆုံးပြီး သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
ဒီတိုက်ပွဲမှာ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ULF စစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင် တပ်ရင်း-၂၀၊ ဘုတလင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဘုတလင်-ပကဖ)၊ Local Mobile တပ်ဖွဲ့တွေ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ 96 Soldiers တပ်ဖွဲ့တွေလည်း ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ၁၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အပြင် မကွေးတိုင်းက မင်းလှ၊ မင်းတုန်းနယ်တွေမှာ SAF က စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။