အာဏာသိမ်းပြီးနောက် စစ်လက်နက်ပစ္စည်း တစ်ဘီလီယံဖိုး စစ်ကောင်စီဝယ်ယူ
2023.05.17
၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာစစ်တပ်ဟာ အတိုက်အခံတွေကို ချေမှုန်းဖို့ ရုရှားနဲ့ တရုတ်အပါအဝင် ပြည်ပနိုင်ငံတွေကနေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံထက်မနည်း တန်ဖိုးရှိတဲ့ လက်နက်နဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ယူတင်သွင်းတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံအရာရှိ Tom Andrews က မေလ ၁၇ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြစ်စေတဲ့ ဒေါ်လာဘီလီယံနဲ့ချီတဲ့ သေမင်းတမန် လက်နက်ကုန်သွယ်မှုလို့ နာမည်ပေးထားတဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်တာပါ။
အဲဒီအစီရင်ခံစာအရ မြန်မာစစ်ကောင်စီကို စစ်လက်နက်နဲ့ ကုန်ကြမ်းပစ္စည်း အများဆုံးတင်သွင်းတာကတော့ ရုရှားနဲ့ တရုတ်နိုင်ငံဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ ရုရှားကနေ ဒေါ်လာ ၄၀၆ သန်းဖိုး၊ တရုတ်ကနေ ဒေါ်လာ ၂၆၇ သန်းဖိုး၊ စင်ကာပူကနေ ဒေါ်လာ ၂၅၄ သန်းဖိုး၊ အိန္ဒိယကနေ ဒေါ်လာ ၅၁ သန်းဖိုးနဲ့ ထိုင်းကနေ ဒေါ်လာ ၂၈ သန်းဖိုး စစ်လက်နက်ပစ္စည်းတွေ တင်သွင်းခဲ့တယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းထားပါတယ်။
ရုရှားလုပ် Mi-35 ရဟတ်ယာဉ်၊ MiG-29 ဂျက်တိုက်လေယာဉ်နဲ့ Yak-130 လေယာဉ်တွေနဲ့ တရုတ်နိုင်ငံလုပ် K-8 ဂျက်လေယာဉ်တွေ ဝယ်ယူတယ်လို့ ဖော်ပြထားပါတယ်။
ဒီလေယာဉ်တွေကို ကျောင်းတွေ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ၊ လူနေအိမ်တွေနဲ့ အရပ်သားတွေရှိတဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်တဲ့အခါ အသုံးပြုတယ်လို့ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာက ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေထဲက လူအများဆုံး အစုအပြုံလိုက် သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ တိုက်ခိုက်မှုကို အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ကို လက်နက်လွှဲပြောင်းပေးတာ လုံးဝတားဆီးပြီး လက်ရှိချမှတ်ထားတဲ့ တားမြစ်ချက်တွေနဲ့ ပူးပေါင်းအရေးယူမှုတွေကို အားဖြည့် ဆောင်ရွက်ဖို့ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက တိုက်တွန်းပါတယ်။