အောက်တိုဘာလကုန်အထိ သန်းခေါင်စာရင်းကောက်မယ်လို့ စစ်ကောင်စီကြေညာ

RFA Burmese
2024.10.16
အောက်တိုဘာလကုန်အထိ သန်းခေါင်စာရင်းကောက်မယ်လို့ စစ်ကောင်စီကြေညာ ရန်ကုန်မြို့ နေရာတချို့တွင် သန်းခေါင်စာရင်းကောက်ယူနေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်က တွေ့ရစဥ်။
Photo: RFA

သန်းခေါင်စာရင်းကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရက်တိုးကောက်ယူသွားမယ်လို့ အောက်တိုဘာ ၁၆ ရက်နေ့ညမှာ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။

၂၀၂၄ သန်းခေါင်စာရင်းကို လူအင်အား ၄၂၀၀၀ ကျော်နဲ့ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ကောက်ယူခဲ့ပြီး အကြောင်းကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း မကောက်ရသေးတဲ့နေရာတွေကို အောက်တိုဘာ ၃၁ ရက်နေ့အထိ ရက်တိုးကောက်ယူသွားမယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကနေ ကြေညာခဲ့တာပါ။

သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုနဲ့တစ်အိမ်တက်ဆင်းစနစ်နဲ့ စနစ်တကျ ကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။

သန်းခေါင်စာရင်းကောက်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထုတ်ပြန်ပြဋ္ဌာန်းထားတဲ့ သန်းခေါင်စာရင်းဥပဒေနဲ့အညီ အကာအကွယ်ပေးထားသလို ပြည်သူတွေရဲ့ ဖြေကြားချက်တွေနဲ့ အချက်အလက်တွေကိုလည်း လုံခြုံစိတ်ချမှုရှိစေဖို့နဲ့ ဘက်လိုက်တဲ့ ခန့်မှန်းမှုတွေ မရှိစေဖို့အတွက် အထူးအလေးထား ဆောင်ရွက်ခဲ့တယ်လို့လည်း ကြေညာခဲ့ပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ဒေသတွေနဲ့ မုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ဒေသတွေမှာရှိတဲ့ ပြည်သူတွေ စာရင်းအားလုံး ပါဝင်နိုင်ဖို့အတွက် အချိန်ယူပြီး ကောက်ခံဖို့ လိုနေတယ်လို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က RFA ကို ပြောဆိုထားပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း ဘယ်နေရာတွေအထိ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့တယ်ဆိုတာကိုတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူချိန်မှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့တွေ တိုက်ခိုက်ခံရတာ၊ ဖမ်းဆီးခံရတာ၊ အသတ်ခံရတာတွေနဲ့ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။