စစ်ကောင်စီက ပြည်သူတွေကို ဒုက္ခပေါင်းစုံပေးနေကြောင်း NUG ပြော
2024.03.12
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး အတင်းအဓမ္မစစ်သားစုဆောင်းနေတာဟာ ပြည်သူကို စိတ်ဒုက္ခ၊ လူဒုက္ခပေါင်းစုံပေးပြီး ပြန်လမ်းမရှိတဲ့ ရှေ့တန်းစစ်မြေပြင်ကို လွှတ်ဖို့ကြိုးစားနေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောလိုက်ပါတယ်။
မတ်လ ၁၂ ရက်နေ့ကကျင်းပတဲ့ NUG အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့တာပါ။
"အကြမ်းဖက်စစ်ကောင်စီကတော့ နိုင်ငံအနှံ့က တော်လှန်ရေးအင်အားစုတွေရဲ့ ချေမှုန်းတိုက်ခိုက်တဲ့ ဒဏ်တွေကို နေ့စဥ်နဲ့အမျှခံနေရပြီး အင်အားယုတ်လျော့လာတာကြောင့် အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေ ပြုလုပ်လာရတဲ့အထိပဲ ဖြစ်နေပါပြီ။ စစ်သားစုဆောင်း ရာမှာလည်း သူတို့ကို ဆန့်ကျင်သူ၊ ထောက်ခံသူတောင် ခွဲခြားမနေနိုင်တော့ဘဲ ရနိုင်သမျှ ဥပဒေမဲ့နည်းလမ်းတွေနဲ့ ပြည်သူကို စိတ်ဒုက္ခ၊ လူဒုက္ခပေါင်းစုံပေးပြီး ပြန်လမ်းမရှိတဲ့ ရှေ့တန်း စစ်မြေပြင်ကို လွှတ်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်"
NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ကောင်စီလုပ်နေတဲ့ “စစ်မှုထမ်းဥပဒေ” ဟာ စစ်ရေးကိစ္စ တစ်ဝက်၊ နိုင်ငံရေးကိစ္စ တစ်ဝက်ရောပြီး ခြေလှမ်းစတင်နေတာ တွေ့ရကြောင်းနဲ့ ဒီကိစ္စကို တန်ပြန်တော်လှန်တဲ့အခါမှာ နိုင်ငံရေးအရလုပ်ဆောင်ရမှာတွေ ရှိသလို၊ စစ်ရေးအရ လုပ်ဆောင်ရမှာတွေလည်း ရှိနိုင်တယ်လို့ NUG အစည်းအဝေးမှာ ပြောပါတယ်။
ဒါ့အပြင် NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းအားလုံးဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲကို ပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ကြိုးစားနေကြောင်းနဲ့ လက်နက်နဲ့ခုခံတော်လှန်တယ်ဆိုတဲ့ အဆင့်လောက်နဲ့ တင်းတိမ်နေလို့ မရဘဲ စစ်ရေးရလဒ် ထွက်အောင်လုပ်ဖို့ အထူးလိုတယ်လို့လည်း ဒူဝါလရှီးလက ပြောပါတယ်။
NUG ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ယာယီသမ္မတတို့ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုန့်ပြန်မှုရဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဟာ အသက်ပြည့်တဲ့ နိုင်ငံသားတိုင်း စစ်မှုထမ်းရမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အတည်ပြုခဲ့တာပါ။
ဒီဥပဒေအရ အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်၊ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်းရှိသူတွေ စစ်မှုထမ်းရမှာပါ။
ဒီဥပဒေကို အသက်သွင်းပြီးနောက် တစ်နှစ်ကို အင်အား ငါးသောင်းနှုန်း ခေါ်သွားမယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၁၅ ရက်ထုတ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ပြောထားပါတယ်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းအရ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အနည်းဆုံး ၁၃ သန်းရှိနေပြီး အဲဒီထဲက ခေါ်ယူသွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။
ဒီဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူက တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြငြင်းဆိုမယ်ဆိုရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းက မြို့နယ်အားလုံးမှာ ပြီးခဲ့တဲ့အပတ်ကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူစာရင်းကို ရပ်ကွက်အလိုက် လိုက်လံကောက်ယူနေတယ်လို့ ရန်ကုန်မြို့ခံတွေက RFA ကို ပြောပါတယ်။
စစ်မှုထမ်းဥပဒေကို နိုင်ငံတကာ ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးစောင့်ကြည်လေ့လာရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ကန့်ကွက်နေကြသလို စစ်မှုထမ်းရမှာစိုးရိမ်တာကြောင့် လူငယ်တွေဟာ နည်းလမ်းပေါင်းစုံနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ဖို့ ကြိုးစားသူတွေလည်းရှိပါတယ်။