ဒုတိယဝန်ကြီးချုပ်ငါးဦးနဲ့ စစ်ကောင်စီအစိုးရ ပြင်ဆင်ဖွဲ့စည်း
2023.02.01

စစ်ကောင်စီက အာဏာသိမ်းနှစ်နှစ်ပြည့် ၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဒုတိယဝန်ကြီးချုပ်ငါးဦးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်းကြေညာလိုက်ပါတယ်။
စစ်ခေါင်းဆောင်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဆက်လက်နေရာရယူထားပြီး ဒုတိယဝန်ကြီးချုပ်တွေအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်တို့ကို ဒုတိယဝန်ကြီးချုပ်တွေအဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန်လိုက်တာပါ။
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်နေရာမှာ ဦးသန်းဆွေကိုအစားထိုးခန့်အပ်ပြီး ဦးဝဏ္ဏမောင်လွင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့အဖွဲ့ဝင်အဖြစ်သာထားရှိပါတော့တယ်။
ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ကို ထပ်တိုးဖွဲ့စည်းလိုက်ပြီး အဲ့ဒီအဖွဲ့မှာ အရင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေကို နေရာချထားပေးလိုက်ပါတယ်။
ဗဟိုအကြံပေးအဖွဲ့ကို စစ်ကောင်စီရဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဝန်ကြီးလည်းဖြစ် ကရင်ပြည်သူ့ပါတီမှာ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးစောထွန်းအောင်မြင့်က ဦးဆောင်ပြီး ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ရခိုင်အမျိုးသားပါတီဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း စောဒန်နီယယ် အပါအဝင် ၉ ဦးနဲ့ ဖွဲ့စည်းကြောင်း စစ်ကောင်စီက ကြေညာပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းအစား ဦးထိန်လင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းအစား ဦးအောင်ကြည်သိန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း အစား ဦးအောင်ဇော်အေးနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဦးမျိုးအောင် တို့ကို ပြောင်းလဲတာဝန်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။