ပညာသင်ခွင့်တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရေး ပဋိဉာဉ်ကို လက်မှတ်ထိုးဖို့ ယူကေ တိုက်တွန်း
2024.09.09
မြန်မာနိုင်ငံက အဖွဲ့အစည်းတွေအနေနဲ့ စာသင်ကျောင်းတွေ လုံခြုံမှုရှိရေး (Safe Schools Declaration) ကို လက်မှတ်ရေးထိုးပြီး လေးစားလိုက်နာကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက စက်တင်ဘာလ ၉ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုမှ ကာကွယ်ရေးနေ့ အထိမ်းအမှတ်နေ့မှာ ကရင်ပြည်နယ်တွင်းက စာသင်ကျောင်းတွေ ဘေးကင်းလုံခြုံရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) က လက်မှတ်ရေးထိုးခဲ့တဲ့အပေါ် ကြိုဆိုတဲ့အနေနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
ကရင်အမျိုးသားအစည်းအရုံး - KNU လိုပဲ အခြားအဖွဲ့အစည်းတွေအနေနဲ့ လိုက်နာဆောင်ရွက်ကြဖို့ ရန်ကုန်မြို့အခြေစိုက် ဗြိတိန်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားတာပါ။
“အခြားသော အဖွဲ့အစည်းများအနေဖြင့်လည်း စာသင်ကျောင်းများ လုံခြုံမှုရှိရေးဆိုင်ရာ ကြေညာစာတမ်း (Safe Schools Declaration) ကို အသိအမှတ်ပြု လေးစားလိုက်နာပြီး လက်မှတ်ရေးထိုးဖို့ တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ်အတွက် စာသင်ကျောင်းများနဲ့ လေ့လာသင်ကြားခြင်းရပ်ဝန်းရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုစေလိုပါတယ်”
စာသင်ကျောင်းတွေရဲ့လုံ ခြုံမှုရှိရေးဆိုင်ရာ ကြေညာစာတမ်းကို KNU က လက်မှတ်ရေးထိုးလိုက်တာဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်တွေအတွက် အခြေခံအခွင့်အရေးဖြစ်တဲ့ လုံခြုံစွာပညာသင်ယူနိုင်ခွင့်ကို အာမခံဖို့အတွက် လုပ်ဆောင်တဲ့ ပြတ်သားတဲ့ခြေလှမ်းဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတွင်းက လူမှုဘဝတွေအတွက် ပိုမိုလုံခြုံတဲ့ ပညာရေးရရှိနိုင်ရေးအတွက် ဗြိတိန်အစိုးရအနေနဲ့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွင်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ စာသင်ကျောင်းနှင့် ပညာသင်ကြားရေးစင်တာပေါင်း ၃၀၀၀ ကျော် အပါအဝင် ကျောင်းသားကျောင်းသူ ၂၇၀,၀၀၀ နဲ့ ဆရာ၊ ဆရာမ ၁၉၇၀၀ တို့အတွက် အကူအညီပေးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။