စစ်ကိုင်းတိုင်းမှာ ဩဂုတ်လအတွင်း အရပ်သား ၄၅ ဦး သတ်ဖြတ်ခံရ
2023.09.01

စစ်ကိုင်းတိုင်းမှာ ဩဂုတ်လအတွင်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးသတ်ဖြတ်တာကြောင့် အရပ်သား ၄၅ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အသတ်ခံရသူတွေဟာ အမျိုးသား ၃၆ ဦးနဲ့ အမျိုးသမီး ကိုးဦး စုစုပေါင်း ၄၅ ဦးဖြစ်ပြီး အဲဒီထဲမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် စစ်ကြောရေးမှာ အသတ်ခံရသူက ၂၅ ဦး ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသမီး ငါးဦး နဲ့ အမျိုးသား ခြောက်ဦး စုစုပေါင်း ၁၁ ဦးလည်း ဖမ်းဆီးခံထားရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကိုင်းတိုင်းတစ်ခုလုံးမှာ စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေက မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရသူ အမျိုးသမီး ၁၆ ဦးနဲ့ အမျိုးသား ၅၄ ဦး စုစုပေါင်း အယောက် ၇၀ ရှိတယ်လို့လည်း AAPP စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ရဲ့စာရင်းအရ ကန့်ဘလူမြို့နယ်တစ်ခုတည်းမှာ ဩဂုတ်လအတွင်း အရပ်သားပြည်သူ ၁၁ ဦး အသတ်ခံခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ဩဂုတ်လအတွင်း ကန့်ဘလူမှာ စစ်တပ်နဲ့ ပျူစောထီးတွေက သတ်ဖြတ်တာခံရတာ ၁၁ယောက်ရှိတယ်၊ မြို့ပေါ်မှာ လူငါးဦးကို စစ်တပ်နဲ့ပျူတွေက အကြောင်းမဲ့သတ်တာရှိတယ်၊ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့တွေ့လို့ သတ်ဖြတ်ခဲ့ရတာက ခြောက်ယောက်ရှိတယ်"
စစ်တပ်အာဏာသိမ်းချိန်ကစပြီး ၂ဝ၂၃ ခုနစ် စက်တင်ဘာလ ၁ ရက်နေ့အထိ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ပြည်သူ စုစုပေါင်း ၄၀၂၉ ဦး သေဆုံးခဲ့ပြီး ၂၄,၆၃၂ ဦး ဖမ်းဆီးခံထားရတယ်လို့ AAPP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။