စစ်ကိုင်းတိုင်း အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းမည်
2023.05.31
စစ်ကိုင်းတိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်နေတဲ့ နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းတွေကြား အားလုံးပေါင်းစပ် ညှိနှိုင်းဆွေးနွေးဆုံးဖြတ်နိုင်တဲ့ တိုင်းအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းသွားမယ်လို့ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ စစ်ကိုင်းဖိုရမ်က ကြေညာချက်ထုတ်ပြန်ပါတယ်။
ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဖော်ဆောင်ဖို့ ရည်မှန်းတယ်ဆိုပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
စစ်ကိုင်းဖိုရမ်ကို မေလ ၃ဝ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်း မြို့နယ် ၂၈ မြို့နယ်က အဖွဲ့အစည်းပေါင်း ၁၇၃ ဖွဲ့နဲ့ လေ့လာသူ ၃၁ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းဖိုရမ်ကို မိတ်ဖက်အဖွဲ့အစည်း ၂၇ ဖွဲ့က သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပြီး နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့ အထွေထွေကဏ္ဍတွေ ခွဲဝေဆွေးနွေးခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။
တိုင်းအတွင်း ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်လက်ဆွေးနွေးညှိနှိုင်းနိုင်ဖို့ ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ် ကျင်းပဖို့လည်း အတည်ပြု ဆွေးနွေးခဲ့ကြပါတယ်။
ပထမအကြိမ်ဖိုရမ်ကို မပါဝင်နိုင်ခဲ့တဲ့ တိုင်းအတွင်းက တော်လှန်ရေးအစုအဖွဲ့တွေကို ထပ်မံဖိတ်ခေါ်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။