စစ်ကိုင်းခရိုင် PDF တပ်ခွဲမှူး သတ်ဖြတ်ခံရ
2023.05.03

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင် PDF တပ်ရင်း ၈ ရဲ့ တပ်ခွဲမှူးကို စစ်ကောင်စီက ခေါင်းလည်းဖြတ်၊ ရင်လည်းခွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ မြင်းမူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
အသတ်ခံထားရတဲ့ တပ်ခွဲမှူးကိုအရှည်ကြီးရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့က တွေ့ရတာလို့ ဆိုပါတယ်။
ဘယ်နေ့က အခုလိုသတ်ဖြတ်ခံရတယ်ဆိုတာကိုတော့ အတိအကျမသိရပေမယ့် အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက သတ်ဖြတ်သွားတာလို့ သူက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မန္တလေးတိုင်း၊ မိတ္ထီလာမြို့အခြေစိုက် ဘီလူးစစ်ကြောင်းလို့ နာမည်ကြီးတဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်ဖွဲ့တွေ ဖြစ်နိုင်တယ်လို့ ဆိုပေမယ့် အတိအကျကိုတော့ မသိရသေးပါဘူး။
PDF တပ်ရင်း ၈ တပ်ခွဲမှူး ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ ဒေသခံပြည်သူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်လို့မရခဲ့ပါဘူး။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကိုလည်း RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ကိုင်းခရိုင် တပ်ရင်း ၁ ရဲ့ ဒုတပ်ရင်းမှူး ကိုဆင်ရိုင်းလည်း ခေါင်းဖြတ်အသတ်ခံခဲ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG စာရင်းတွေအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ပေါင်း ၁၅၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ပါတယ်။