ထန်းတောဆိပ်ရွာ ပကဖ ငါးဦး အသတ်ခံရ

RFA Burmese
2023.08.25
ထန်းတောဆိပ်ရွာ ပကဖ ငါးဦး အသတ်ခံရ စစ်ကိုင်းမြို့နယ် ထန်းတောဆိပ်ကျေးရွာအုပ်စုတွင် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်က တွေ့ရစဉ်။
Citizen Journalist

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ထန်းတောဆိပ်ရွာမှာ ဦးခေါင်းမပါတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ငါးဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက RFA ကိုပြောပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့ မနက် ၂ နာရီလောက်မှာ အဲဒီစစ်ကြောင်းက ထန်းတောဆိပ်ရွာကို ဝင်ရောက်ချိန် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ပကဖအဖွဲ့ဝင်နှစ်ဦး ကျည်ထိမှန်ကျန်ခဲ့တာကို ရွာထဲခေါ်သွားပြီး ခေါင်းဖြတ်သတ်လိုက်တာ ဖြစ်တယ်လို့ သူကပြောပါတယ်။

အဲဒီနေ့ နေ့လည်ပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကြောင်းပြန်ထွက်ခွာပြီအထင်နဲ့ ထန်းတောဆိပ်ရွာကို နယ်မြေရှင်းလင်းဖို့ သွားတဲ့အချိန် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်တာကြောင့် ကျည်ထိမှန်ကျန်ခဲ့တဲ့ ပကဖ သုံးဦးကိုလည်း ထပ်မံခေါင်းဖြတ်သတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းပြန်ထွက်သွားတဲ့ ဩဂုတ်လ ၂၄ ရက်နေ့မှာတော့ ထန်းတောဆိပ်ရွာထဲကို ဝင်ရောက်ချိန် အဲဒီရုပ်အလောင်းတွေကို တွေ့ခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ နှိပ်စက်ထားတဲ့ အခြေအနေကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ စစ်ကိုင်းအရှေ့ခြမ်းနဲ့ အနောက်ခြမ်းက စမွန်းရွာ၊ ခက်ခရွာ၊ ပေါက္ကားရွာ၊ ညောင်ပင်ရှည်၊ အိုင်းဓမ္မ၊ သာဇင်၊ ထန်းတောဆိပ် စတဲ့ရွာတွေကို ရွာတွေကို ဩဂုတ်လ ၁၅ ရက်နေ့ကနေ ဩဂုတ်လ ၂၅ ရက်နေ့အထိ စီးနင်းဝင်ရောက်ပြီး နေအိမ်မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စီးနင်းဝင်ရောက်တဲ့ စစ်ကြောင်းဟာ ဘယ်တပ်ရင်းတပ်ဖွဲ့တွေဆိုတာ မသိရဘဲ အရပ်ဝတ်တွေနဲ့လို့ ထန်းတောဆိပ်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၁၉ ရက်နေ့က ပေါက္ကားရွာဒေသခံ လေးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်သွားပြီး ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးခဲ့တဲ့ အရပ်သား ၄,၀၀၄ ဦးအထိ ရှိလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။