စစ်ကိုင်းမြို့နယ် ကျော်ဇေယျာရွာသားတစ်ဦး အသတ်ခံရပြီး နေအိမ် ခုနှစ်လုံး မီးရှို့ခံရ

RFA Burmese
2023.10.20
စစ်ကိုင်းမြို့နယ် ကျော်ဇေယျာရွာသားတစ်ဦး အသတ်ခံရပြီး နေအိမ် ခုနှစ်လုံး မီးရှို့ခံရ စစ်ကိုင်းမြို့နယ် ကျော်ဇေယျာရွာမှ မီးရှို့ခံထားရတဲ့နေအိမ်တစ်လုံးအား ၂၀၂၃ ခုနှစ် ​အောက်က်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။
နယ်စည်းမခြားစစ်ကိုင်းသားအဖွဲ့

စစ်ကိုင်းမြို့နယ် စစ်ကိုင်း-ရွှေဘို ကားလမ်းမကြီးဘေးက ကျော်ဇေယျာရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ကျော်ဇေယျာရွာသား တစ်ဦးကို သတ်ဖြတ်ကာ နေအိမ် ရှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နယ်စည်းမခြားစစ်ကိုင်းသားအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုတာနောက RFA ကိုပြောပါတယ်။

စစ်ကိုင်းမြို့ ဆားတောင်ကနေ ကားနှစ်စီးနဲ့ထွက်လာတဲ့ အင်အား ၅၀ ကျော်ပါ စစ်ကောင်စီတပ်ကို အောက်တိုဘာလ ၁၇ ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အနီးအနားက ကျော်ဇေယျာရွာထဲကိုဝင်ရောက် စီးနင်းလိုက်တာလို့ ဆိုပါတယ်။

အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီလောက်မှာတော့ ကျော်ဇေယျာကျေးရွာနားမှာပဲ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့သလို အသက် ၅၀ ကျော်အရွယ် ရွာသား ဦးမင်းဆွေကိုလည်း နှိပ်စက်သတ်ဖြတ်ကာ နေအိမ်တွေကိုပါ မီးရှို့သွားတယ်လို့ ကိုတာနောက ပြောပါတယ်။

"ရွာရဲ့အနောက်ဘက်မှာ အလစ်ငိုက်တိုက်ခိုက်ခံလိုက်ရတာ။ ရဲဘော်တစ်ဦး ကျဆုံးသွားတယ်။ အသတ်ခံရတဲ့ ရွာသားက အသက်ကြီးပြီ။ ရှောင်ရင်း သူတို့နဲ့တိုးပြီး ဖမ်းခံလိုက်ရတာ။ နှိပ်စက်ပြီး အသတ်ခံလိုက်ရတာ။ အဲဒီညမှာပဲ အိမ်တွေကို မီးရှို့သွားတယ်ပေါ့"

အဲဒီ စစ်ကောင်စီတပ်စစ်ကြောင်းဟာ အုန်းတောကျေးရွာမှာရှိတဲ့ ၆၀၀၅ တင့်ကားတပ်ဆီကို ထွက်ခွာသွားတာကြောင့် တိမ်းရှောင်နေရတဲ့ ကျော်ဇေယျာရွာခံတွေကတော့ ရွာထဲပြန်ဝင်နေကြပြီလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA ကဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

အောက်တိုဘာ ဒုတိယအပတ်ကလည်း ဆားတောင်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလို့ ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့မှုတွေရှိခဲ့ပါတယ်။

ဇွန်လပိုင်းကလည်း စစ်ကိုင်းမြို့နယ် သာဇင်ရွာက နေအိမ် အလုံး ၇၀၀ နီးပါး စစ်ကောင်စီတပ်ရဲ့ မီးရှို့ ဖျက်ဆီးတာ ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။