စစ်ကိုင်းတိုင်း ရွာလေးရွာက အရပ်သား ခုနှစ်ဦး သတ်ဖြတ်ခံရ
2023.06.09
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က ကျေးရွာတွေကို ဇွန်လ ၃ ရက်နေ့ကနေ ဇွန်လ ၉ ရက်နေ့အထိ ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးပြီး ဒေသခံပြည်သူ ခုနစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘိုခရိုင် တပ်ရင်း ၁၈ တပ်ရင်းမှူး ဗိုလ်စွန်ရဲက RFA ကို ပြောပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့တွေဟာ နဘဲပင်လှကျေးရွာက အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဇွန်လ ၃ ရက်နေ့က အဲဒီရွာ ဘုန်းကြီးကျောင်းမှာ ခေါင်းဖြတ်သတ်ပြီး မီးရှို့ခဲ့တယ်လို့ သူကပြောပါတယ်။ အဲဒီရွာသား ဦးကျော်ဝင်းဆိုသူရဲ့ ခြေထောက်ကို သေနတ်နဲ့ ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၃ ရက်နေ့မှာပဲ တမာကန်ကျေးရွာက ဒေသခံပြည်သူ တစ်ဦးကို သတ်ဖြတ်ပြီး၊ ဇွန်လ ၄ ရက်နေ့မှာတော့ တပ်သာကျေးရွာက ပြည်သူ လေးဦးတို့ကို သတ်ဖြတ်သွားခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဇွန်လ ၉ ရက်နေ့မှာလည်း စစ်ကိုင်းမြို့နယ် ညောင်ကုန်းကျေးရွာက အသက် ၂၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးဟာ စစ်ကြောင်းဝင်လာတာကြောင့် စိုးရိမ်တကြီးထွက်ပြေးချိန် ပစ်သတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
RFA ဝါရှင်တန်ဒီစီ ရုံးကနေ ဒေသခံပြည်သူတွေကို ဆက်သွယ်ပေမယ့် အင်တာနက်နဲ့ ဖုန်းလိုင်း အခက်အခဲကြောင့် ဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒီသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၅၀ လောက်ရှိတဲ့ နဘဲပင်လှကျေးရွာက နေအိမ် ၈၀ ပျက်စီးသွားခဲ့ပြီး လူဦးရေ ၈ဝဝ လောက် ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ ဗိုလ်စွန်ရဲကပြောပါတယ်။
ထွက်ပြေးနေရတဲ့ ဒေသခံတွေအတွက် အစားအသောက်နဲ့ အမိုးအကာတွေလိုအပ်နေတယ်လို့ သူကဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုတွေ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA ကဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။