စစ်ကိုင်းဒေသခံ ခြောက်ဦး ထောင်တစ်သက် ချမှတ်ခံရ

RFA Burmese
2023.10.24
စစ်ကိုင်းဒေသခံ ခြောက်ဦး ထောင်တစ်သက် ချမှတ်ခံရ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မုံရွာအကျဉ်းထောင်အား Google Earth တွင် မြင်ရသည့် မြင်ကွင်း။
Google Earth

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ စစ်ကိုင်းတိုင်း မြို့နယ်လေးခုက အမျိုးသားခြောက်ဦးကို အောက်တိုဘာ ၁၉ ရက်ကနေ ၂၃ ရက်နေ့အထိ ငါးရက်အတွင်းမှာ စစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်တယ်လို့ ဒေသခံတွေနဲ့ ရှေ့နေတွေကပြောပါတယ်။

တစ်သက်တစ်ကျွန်း ချမှတ်ခံရသူတွေဟာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က ကိုဇေယျာမျိုးနဲ့ ကိုသန်းဇော်လင်း၊ ရွှေဘိုမြို့နယ်က ကိုမင်းခန့်ကျော်၊ ဗန်းမောက်မြို့နယ်က ကိုသန်းနိုင်ဦး၊ အင်းတော်မြို့နယ်က ကိုဟိဏ်းမင်းသူနဲ့ ကိုဇော်မြင့်ထွန်းတို့ဖြစ်ပါတယ်။

သူတို့အားလုံးကို ပြီးခဲ့တဲ့နှစ်ထဲမှာ သက်ဆိုင်ရာ မြို့နယ်အသီးသီးကနေ ဖမ်းဆီးခဲ့ပြီး ရွှေဘိုထောင်နဲ့ မုံရွာထောင်မှာ ချုပ်နှောင်ထားပါတယ်။ အဲဒီနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ထောက်ပံ့ကူညီတယ်၊ တိုက်ခိုက်မှုတွေမှာ ပူးပေါင်းပါဝင်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ ၅၀ (ဈ)၊ ၅၀ (ည)၊ ၅၂ (က)၊ ၅၂ (ခ) တို့နဲ့ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် စစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်းစီ ချမှတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုချမှတ်တာ မှန်ကန်ကြောင်း စစ်တပ်ထောက်ခံတဲ့ မီဒီယာတစ်ခုဖြစ်တဲ့ Fifty Two မီဒီယာကလည်း ဒီနေ့ သတင်းရေးသားဖော်ပြထားပါတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာ စစ်ခုံရုံးကနေ အမိန့်ချတာကြောင့် ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှဘဲ ကြီးလေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေဘိုမြို့မှ ရှေ့နေတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

“အရပ်ဘက် တရားရုံးတွေမှာ ဒီလိုပုဒ်မတွေက ရှေ့နေငှားခွင့်ရရင်၊ ထုချေခွင့်ရရင် အများဆုံး ထောင်ဒဏ် ၁၀ နှစ်လောက်ပဲကျမှာ၊ စစ်ခုံးရုံးမှာကျတော့ ဘာအခွင့်အရေးမှမရှိဘဲ ခပ်ကြမ်းကြမ်းစစ်တာဆိုတော့ အမြင့်ဆုံး ပြစ်ဒဏ်တွေချတာပေါ့”

စစ်ကိုင်းတိုင်းက လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်မှာ စစ်ခုံရုံးကနေ သံသယရှိရုံနဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်လေ့ရှိတယ်လို့လည်း ယင်းမာပင်မြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သူတို့က တော်လှန်ရေးလုပ်မှ မဟုတ်ဘူး၊ ထောက်ပံကူညီတယ်လို့ ယူဆရင်လည်း ချတာပဲ၊ သူတို့လုပ်ချင်တာ လုပ်မှာပဲလေ။ သူတို့က ဥပဒေရဲ့အထက်မှာ ရှိနေတာကိုး”

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

အနောက်မြောက်ပိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်းက ပုလဲ၊ ရွှေဘို၊ ဗန်းမောက်၊ အင်းတော် အပါအဝင် မြို့နယ် ၁၄ ခုကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှာ စစ်အုပ်ချုပ်ရေး မာရှယ်လော အမိန့်ထုတ်ခဲ့တာပါ။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းမှာ လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့ ပါဝင်ပါတယ်။ စစ်အုပ်ချုပ်ရေးကာလအတွင်း အဲဒီဒေသသုံးခုက စုစုပေါင်း လူ ၂၈၅ ဦးကို စစ်ခုံရုံးကနေ ထောင်တစ်သက်နဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ထားကြောင်း စစ်တပ်ထောက်ခံတဲ့ မီဒီယာတစ်ခုဖြစ်တဲ့ Fifty Two သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။